၂၀၂၃ အောက်တိုဘာ ၇ ရက်နေ့က ဟားမတ်စ် ဦးဆောင်တဲ့ တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး ၂ နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို အစ္စရေးနိုင်ငံတဝန်းမှာ ကျင်းပခဲ့ပါတယ်။
ဟားမစ်တ်အဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် အစ္စရေးတောင်ပိုင်းက လူပေါင်း ၁,၂၀၀ ကျော် သေဆုံးခဲ့ရသလို နောက်ထပ် ၂၅၁ ယောက်ကိုလည်း ဓားစာခံအဖြစ် ခေါ်ဆောင်သွားခဲ့ပါတယ်။
အောက်တိုဘာ ၇ ရက်နေ့ဟာ ဟိုလိုကော့စ် (Holocaust) ဖြစ်ရပ်ဆိုးကြီး နောက်ပိုင်း ဂျူးလူမျိုးတွေရဲ့ အသေအပျောက်အများဆုံးနေ့ရက် ဖြစ်ခဲ့ပါတယ်။
အဲဒီနောက် အစ္စရေးဘက်က ဂါဇာဒေသကို ထိုးစစ်ဆင်ခဲ့ရာမှာ ပါလက်စတိုင်း ၆၇,၀၀၀ ကျော် သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။
ဂါဇာကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဒေသတွင်းမှာရှိနေတဲ့ ဆေးရုံပေါင်း ၃၈ ခုထဲက ၂၅ ခုဟာ မလည်ပတ်နိုင်တော့ဘဲ ကျန်ရှိတဲ့ ၁၃ ခုကိုသာ တစိတ်တပိုင်း အသုံးပြုနေရတယ်လို့ ဆိုပါတယ်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု ကတော့ “သွေးဆာနေတဲ့ ရန်သူတွေဟာ အပြင်းအထန် ထိုးနှက်ခဲ့ပေမဲ့လည်း ကျနော်တို့ကို မဖျက်ဆီးနိုင်ခဲ့ပါဘူး” ဆိုပြီး ပြီးခဲ့တဲ့အင်္ဂါနေ့မှာ မှတ်ချက်ပြုပါတယ်။
ဟားမတ်စ် တိုက်ခိုက်မှုအတွင်း သေဆုံးသွားတဲ့ အစ္စရေးနိုင်ငံသားတွေရဲ့ မိသားစုဝင်တွေကတော့ အောက်မေ့ဖွယ်အခမ်းအနားကို တဲလ်အဗိမြို့မှာ ကျင်းပခဲ့ပြီး နေရာအနှံ့အပြားမှာ တမိနစ်တာ ငြိမ်သက်ခဲ့ကြပါတယ်။
တချိန်တည်းမှာပဲ အီဂျစ်နိုင်ငံက ရှမ်အယ်လ်-ရှိတ်ခ် အပန်းဖြေမြို့မှာ ဂါဇာစစ်ပွဲ အဆုံးသတ်ရေး ဆွေးနွေးပွဲတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်။
ဒါဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် အဆိုပြုထားတဲ့ အချက် ၂၀ ပါ ဂါဇာ ငြိမ်းချမ်းရေး သဘောတူညီချက်ကို အစ္စရေးနဲ့ ဟားမတ်စ်ရဲ့ ကိုယ်စားလှယ်အဖွဲ့တွေက တဆင့်ခံပြီး ညှိနှိုင်းနေခဲ့ကြတာပါ။
ဒါပေမဲ့လည်း ဆွေးနွေးပွဲ ဒုတိယမြောက်နေ့မှာ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ ရလဒ်မပါဘဲ ပြီးဆုံးသွားခဲ့ကြောင်း သိရပါတယ်။
အထူးသဖြင့် ဂါဇာကမ်းမြောင်မှာ အစ္စရေးတပ်တွေ ပြန်ရုပ်သိမ်းပေးရမယ့် မြေပုံမူကြမ်းနဲ့ တိုက်ခိုက်မှုတွေ ပြန်စတင်တာမျိုး မလုပ်ရဘူးဆိုတဲ့ အာမခံချက်ကို ဟားမတ်စ်ဘက်က တောင်းဆိုထားတာနဲ့ ပတ်သက်ပြီး သဘောထားကွဲလွဲနေတာ ဖြစ်ပါတယ်။
လောလောဆယ် အဓိကအကျဆုံး အချက် ၅ ချက်အပေါ် ဆွေးနွေးနေပြီး အဲဒီထဲမှာ အပြီးတိုင် အပစ်ရပ်စဲရေး၊ ဓားစာခံလဲလှယ်ရေး၊ အစ္စရေးတပ်ဖွဲ့တွေ ဂါဇာကနေ ရုပ်သိမ်းရေး၊ လူသားချင်းစာနာမှု အကူအညီတွေကို ဝင်ရောက်ခွင့်ပြုရေးနဲ့ စစ်ပြီးကာလ အုပ်ချုပ်ရေး ကိစ္စရပ်အထိ ပါဝင်ပါတယ်။
လက်ရှိအချိန်မှာ အစ္စရေးနိုင်ငံသား ၇၀ ရာခိုင်နှုန်း ဝန်းကျင်ကလည်း ဂါဇာစစ်ပွဲရပ်ပြီး ဓားစာခံတွေ ပြန်လွတ်မြောက်ဖို့ လိုလားနေကြတယ် ဆိုတာကို လူထုစစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။