Home
နိုင်ငံတကာ
အီကွေဒေါသမ္မတ၏ ယာဉ်တန်းတိုက်ခိုက်ခံရပြီး ၅ ဦးကို ဖမ်းဆီးထား
DVB
·
October 8, 2025
Photo: Reuters

အီကွေဒေါသမ္မတ ဒယ်နီရယ်နိုဘိုအာဟာ ကနာပြည်နယ်ရှိ အခမ်းအနားတခုကို တက်ရောက်ဖို့ လာနေချိန်မှာ လူ ၅၀၀ လောက်ပါဝင်တဲ့ လူအုပ်စုက သမ္မတရဲ့ မော်တော်ယာဉ်ကို ဝိုင်းရံထားကာ ကျောက်တုံး ကျောက်ခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြတယ်လို့ သဘာဝပတ်ဝန်းကျင်နဲ့ စွမ်းအင်ဝန်ကြီး အီးနက်စ် မန်ဇာနိုက အောက်တိုဘာ ၇ ရက်မှာ ပြောပါတယ်။

တိုက်ခိုက်မှုကြောင့် သမ္မတရဲ့ မော်တော်ယာဉ်ပေါ်မှာ ကျည်ဆန်ရာထိမှန်မှု လက္ခဏာတွေကို တွေ့ရှိခဲ့ကြောင်းလည်း ဆိုပါတယ်။

သမ္မတ နိုဘိုအာကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းမှု အစီရင်ခံစာကို တရားဝင် တင်ပြပြီးနောက်မှာ ဝန်ကြီး မန်ဇာနိုက ပြောကြားခဲ့တာပါ။

သမ္မတ ထိခိုက်ဒဏ်ရာရမှု မရှိသလို လူ ၅ ယောက်ကိုလည်း ဖမ်းဆီးထားတယ်လို့ ဝန်ကြီး မန်ဇာနိုက ပြောပါတယ်။

“သမ္မတဟာ တမ်ဘိုနယ်မြေမှာ အထူးသဖြင့် ရေဆိုးသန့်စင်မှုနဲ့ ရေမြောင်းစနစ်တို့ကို ပံ့ပိုးကူညီမယ့် အခမ်းအနားတခုကို တက်ရောက်ဖို့ ပြင်ဆင်နေတာပါ။ အားကစားကွင်းကို သူ မရောက်ခင်မှာ လူ ၅၀၀ လောက်က ပေါ်လာပြီး သမ္မတရဲ့ မော်တော်ကားကို ပစ်ခတ်တာ၊ ကျောက်ခဲနဲ့ ပေါက်တာတွေ လုပ်တယ်။ သမ္မတရဲ့ကားမှာ ကျည်ဆန်အပေါက်တွေလည်း ရှိနေပါတယ်။ နိုင်ငံတော်ပိုင်ပစ္စည်းတွေကို ထိခိုက်စေတာဟာ ရာဇ၀တ်မှုပဲ။ ဒါကို ခွင့်မပြုပါဘူး။”

သမ္မတကတော့ သူ့ပုံမှန်အစီအစဉ်အတိုင်း ဆက်လက် လုပ်ဆောင်နေပါတယ်လို့လည်း ဆိုပါတယ်။

သမ္မတ နိုဘိုအာရဲ့ ရုံးခန်းကတော့ ဖမ်းဆီးထားသူအားလုံးကို အကြမ်းဖက်မှုစွဲချက်နဲ့ လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းမှုတို့အတွက် အရေးယူမှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။ ကျည်ဆန်နဲ့ ပစ်ခတ်ခြင်း ရှိ မရှိကိုတော့ ရိုက်တာအနေနဲ့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

သမ္မတ နိုဘိုအာ ရောက်ရှိလာမှုအတွက် စုရုံးနေသူတွေကို ဆန့်ကျင်ကြတဲ့ အစီအစဉ်တကျ အကြမ်းဖက်မှုတွေ ဖြစ်ပွားနေပြီလို့ အမျိုးသား ဌာနေတိုင်းရင်းသားများအဖွဲ့ချုပ် (CONAIE) က ပြောကြားခဲ့ပြီး ရဲနဲ့စစ်တပ်က မညှာမတာ တိုက်ခိုက်ခဲ့သူတွေထဲမှာ သက်ကြီးအမျိုးသမီးတွေလည်း ပါခဲ့တယ်လို့ ဆိုပါတယ်။

CONAIE အဖွဲ့ချုပ်ဟာ အစိုးရက ဒီဇယ်ဆီ ထောက်ပံ့မှုတွေ အဆုံးသတ်လိုက်တာကို ဆန့်ကျင်ဆန္ဒပြတဲ့အနေနဲ့ လွန်ခဲ့တဲ့ ၁၆ ရက်က သပိတ်လှုပ်ရှားမှုကို စတင်ခဲ့ပြီး ချီတက်လမ်းလျှောက်မှုတွေ ပြုလုပ်ကာ လမ်းတချို့ကို ပိတ်ဆို့ခဲ့ပါတယ်။

နိုဘိုအာဟာ စက်တင်ဘာလလယ်မှာ အထောက်အပံ့တွေ ဖျက်သိမ်းရေး အမှုဆောင်အမိန့်ကို လက်မှတ်ရေးထိုးခဲ့ပြီး အမိန့်အာဏာတည်ဖို့အတွက် သူ့အစိုးရက ပြည်နယ်အများအပြားမှာ အရေးပေါ် အစီအမံတွေကို ကြေညာခဲ့ပါတယ်။

အစိုးရထောက်ပံ့မှုကို ရပ်လိုက်တာကြောင့် တနှစ်ကို ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံလောက် သက်သာသွားမယ်လို့ ကာကွယ်ပြောဆိုထားပြီး အသေးစား လယ်သမားတွေနဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ လုပ်ကိုင်နေသူတွေအတွက် လျော်ကြေးငွေတွေအဖြစ် ပြန်ပေးနေတာကိုလည်း စတင်နေပြီလို့ ဆိုပါတယ်။

ဧပြီလမှာ ပြန်ရွေးကောက်ခံရတဲ့ နိုဘိုအာဟာ လုံခြုံရေးဆိုင်ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေး မဟာဗျူဟာရဲ့ တစိတ်တပိုင်းအနေနဲ့ စစ်တပ်နဲ့ ရဲအဖွဲ့တွေကို အရေးပေါ်အာဏာတွေ ချမှတ်ပေးလေ့ ရှိပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013