
အင်္ဂလန်အနောက်မြောက်ပိုင်း မန်ချက်စတာမြို့ရှိ ရဟူဒီ ဘုရားရှိခိုးကျောင်းတခု အနီးနားမှာ လူသွားလမ်းလာတွေကို ကားနဲ့ဝင်တိုက်ကာ ဓားထိုးမှုဖြစ်အပြီး ရဲတပ်ဖွဲ့ဝင်တွေက သံသယရှိသူကို ပစ်ခတ်ခဲ့တယ်လို့ အောက်တိုဘာ ၂ ရက်က ဗြိတိန်ရဲတပ်ဖွဲ့က ပြောပါတယ်။
မြောက်မန်ချက်စတာခရိုင် ခရမ့်ပ်စိုရပ်ကွက်က လူမြင်ကွင်းမှာ ကားတစီး မောင်းလာပြီး လမ်းပေါ်က လူတွေကို ဝင်တိုက်ခဲ့တယ်၊ လူတယောက်လည်း ဓားထိုးခံခဲ့ရတယ်လို့ မျက်မြင်တွေ့ရှိသူတယောက်က ပြောပါတယ်။
ဂရိတ်တားမန်ချက်စတာ ရဲတပ်ဖွဲ့ GMP က ဟီတွန်ပတ်ခ် ဟီးဘရူးအသင်းတော် ဘုရားကျောင်းနားက အခင်းဖြစ်ရာ နေရာဆီ ရဲတပ်ဖွဲ့ဝင်တွေကို ခေါ်ထားတယ်လို့ ပြောပါတယ်။
လက်နက်ကိုင်အရာရှိတွေက တုံ့ပြန်ခဲ့ပြီး ပြစ်မှုကျူးလွန်သူလို့ ယုံကြည်ရတဲ့ အမျိုးသားတယောက်ကို ပစ်ခတ်ခဲ့တယ်လို့ GMPက ပြောပါတယ်။
ဆိုရှယ်မီဒီယာပေါ်မှာ မျှဝေထားပြီး ရိုက်တာသတင်းဌာနက အတည်ပြုထားတဲ့ ဗီဒီယိုတခုမှာ ဂျူးရိုးရာ ခေါင်းဖုံးဝတ်ထားတဲ့ အမျိုးသားတယောက် သွေးအိုင်ထဲ လဲနေချိန်မှာ ရဲတွေက ရဟူဒီဘုရားကျောင်းဝင်းထဲက လူတယောက်ကို ပစ်ခတ်နေတာကို တွေ့ရပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာက “ခရမ့်ပ်စိုရပ်ကွက်က တိုက်ခိုက်မှုကြောင့် ကျနော်ထိတ်လန့်မိပါတယ်” လို့ X လူမှုကွန်ရက် မီဒီယာပေါ်ကနေ ပြောပါတယ်။
သူဟာ ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့တော်မှာ ကျင်းပတဲ့ ဥရောပ နိုင်ငံရေးတွေ့ဆုံပွဲအတွက် အစောပိုင်းက ထွက်သွားခဲ့တာပါ။
“ဂျူးပြက္ခဒိန်ရဲ့ အမြင့်မြတ်ဆုံးနေ့ဖြစ်တဲ့ ဘုရားသခင်ဆီက ခွင့်လွှတ်မှုတောင်းခံခြင်းနေ့ ယွန်မ် ကစ်ပူအာမှာ ဖြစ်ပျက်ခဲ့တာက ပိုကြောက်စရာကောင်းပါတယ်” လို့ ဝန်ကြီးချုပ် စတာမာက ပြောပါတယ်။
Source: Reuters