Home
နိုင်ငံတကာ
ဗြိတိန်၊ ကနေဒါ၊  ဩစတြေးလျနှင့် ပေါ်တူဂီ တို့က ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြု
DVB
·
September 22, 2025
Photo: Reuters

ဗြိတိန်၊ ကနေဒါ၊ ဩစတြေးလျနဲ့ ပေါ်တူဂီ နိုင်ငံတွေဟာ ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုကြောင်း စက်တင်ဘာ ၂၁ ရက်မှာ အသီးသီး ကြေညာခဲ့ကြပါတယ်။

အစဉ်အလာအားဖြင့် အစ္စရေးမဟာမိတ်လို့ ဆိုနိုင်တဲ့ ဒီ ၄ နိုင်ငံဟာ သိမ်းပိုက်ခံထားရတဲ့ နယ်မြေတွေကနေ လွတ်လပ်တဲ့နိုင်ငံတော် ထူထောင်ရေး ပါလက်စတိုင်းသားတွေရဲ့ ရည်မှန်းချက်ကို ထောက်ခံပေးထားတဲ့ တခြား နိုင်ငံ ၁၄၀ ကျော်နဲ့အတူ ရပ်တည်လိုက်တာ ဖြစ်ပါတယ်။

ဒီအပေါ်မှာ အစ္စရေးဘက်ကလည်း ပြင်းပြင်းထန်ထန် တုံ့ပြန်ဝေဖန်ခဲ့ပါတယ်။

“အရှေ့အလယ်ပိုင်းမှာ ကြောက်မက်ဖွယ် အဖြစ်ဆိုးတွေ တိုးပွားလာချိန်မှာ ကျုပ်တို့အနေနဲ့ ငြိမ်းချမ်းရေးနဲ့ နှစ်နိုင်ငံ ယှဉ်တွဲပေါ်ပေါက်ရေး အဖြေအတွက် ဖြစ်နိုင်ခြေ ဆက်ရှင်သန်နေအောင် ဆောင်ရွက်တာဖြစ်ပါတယ်” လို့ ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာက X လူမှုကွန်ရက်မှာ ဗီဒီယိုကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဒီဆုံးဖြတ်ချက်ကို အစ္စရေးအစိုးရ၊ ဂါဇာမှာ အဖမ်းခံထားရတဲ့ ဓားစာခံတွေရဲ့ မိသားစုဝင်တွေနဲ့ ကွန်ဆာဗေးတစ်တချို့က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပါတယ်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ပါလက်စတိုင်းနိုင်ငံ “ရှိလာမှာမဟုတ်ဘူး” လို့ တုံ့ပြန်လိုက်ပါတယ်။

အစ္စရေးရဲ့ လက်ယာစွန်းဝန်ကြီးတွေကတော့ အနောက်ဘက်ကမ်းဒေသကို အစ္စရေးထဲ သွတ်သွင်းပြီး ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး အတွေးအခေါ်ကို အပြီးတိုင်ဖျက်သိမ်းဖို့ တောင်းဆိုခဲ့ကြပါတယ်။

အသိအမှတ်ပြုကြောင်း ကြေညာတဲ့ ခေါင်းဆောင်တွေကို ပေးချင်တဲ့ ရှင်းလင်းတဲ့ သတင်းစကားကတော့ “ခင်ဗျားတို့ဟာ အကြမ်းဖက်ဝါဒအပေါ် ဆုလာဘ်အကြီးကြီး ချလိုက်တာပဲ” လို့ နေတန်ယာဟုက တုံ့ပြန်ပါတယ်။

နေတန်ယာဟုရဲ့ ပြင်းထန်တဲ့ တုံ့ပြန်မှုကို အမေရိကန်ပြည်ထောင်စုကလည်း ထောက်ခံထားပါတယ်။

သာတူညီမျှ မြေလဲလှယ်မှုအရ ၁၉၆၇ မျဉ်းအပေါ် အခြေခံပြီးတော့ အနာဂတ်ဆွေးနွေးမှုတွေမှာ အပြီးသတ် အတည်ပြုမှာဖြစ်တဲ့ ယာယီသတ်မှတ်ထားတဲ့ နယ်ခြားတွေအတိုင်း၊  ပါလက်စတိုင်းနိုင်ငံ ဖြစ်မှုကို ဗြိတိန်က အသိအမှတ်ပြုတယ်လို့ နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။

နှစ်နိုင်ငံယှဉ်တွဲပေါ်ပေါက်ရေး အဖြေဆိုတာဟာ ၁၉၆၇ အာရပ်-အစ္စရေး စစ်ပွဲမတိုင်မီ တည်ရှိခဲ့တဲ့ နယ်ခြားမျဉ်းအတိုင်း၊ အနောက်ဘက်ကမ်း၊ ဂါဇာကမ်းမြောင်တို့ ပါဝင်ပြီး အရှေ့ဂျေရုစလင်ကို မြို့တော်အဖြစ် အသိအမှတ်ပြုတဲ့ ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေးကို ရည်ညွှန်းတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂအဖွဲ့ဝင် ၁၉၃ နိုင်ငံမှာ ၇၅ ရာခိုင်နှုန်းလောက်ဟာ ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုထားပြီး ဖြစ်ပါတယ်။

ဒါပေမဲ့ နိုင်ငံတကာက သဘောတူညီထားတဲ့ နယ်ခြား၊ မြို့တော်နဲ့ စစ်တပ် မရှိသေးတဲ့အတွက် သင်္ကေတသဘောပဲ ဆောင်နေပါတယ်။

အစ္စရေးက အနောက်ဘက်ကမ်းဒေသကို စစ်ရေးအရ သိမ်းပိုက် ထိန်းချုပ်ထားတဲ့အတွက် အဲဒီမှာ အခြေစိုက်တဲ့ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ (PA) ကိုယ်တိုင်က သူ့နယ်မြေနဲ့ ပြည်သူတွေအပေါ် ထိန်းချုပ်ထားနိုင်ခြင်း မရှိပါဘူး။

ဂါဇာကမ်းမြောင်မှာဆိုရင်လည်း အစ္စရေးက သိမ်းပိုက်ထိန်းချုပ်ထားသလို ၂၀၀၇ ခုကတည်းက ဒီနေ့အထိ ဟားမတ်စ်အဖွဲ့က အုပ်ချုပ်သူအဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013