Home
နိုင်ငံတကာ
ဂါဇာ တိုက်ခိုက်မှု ယာယီရပ်နားခြင်းသာဖြစ်ဟု အစ္စရေး ပြော
DVB
·
October 6, 2025
Photo: REUTERS/Dawoud Abu Alkas

ဂါဇာကမ်းမြောင်ဒေသမှာ တိုက်ခိုက်မှုတွေကို ယာယီသာ ရပ်နားထားတယ်လို့ အစ္စရေးကပြောပြီး အောက်တိုဘာ ၅ ရက်က ဂါဇာကမ်းမြောင်ဒေသမှာ မီးခိုးတွေ လျှံတက်လာနေတာကို အစ္စရေးတောင်ပိုင်းကနေ မြင်နေရပါတယ်။

အစ္စရေးအစိုးရ ပြောရေးဆိုခွင့်ရှိသူ ရှော့ရှ် ဘက်ဒရိုရှန်က လောလောဆယ် ဂါဇာမှာ အပစ်အခတ် ရပ်မထားဘဲ ဗုံးကြဲမှုတချို့ကိုသာ ယာယီရပ်နားထားပြီး စစ်တပ်က ဂါဇာမှာ ကာကွယ်ရေး ရည်ရွယ်ချက်တွေအတွက် ဆက်လုပ်နိုင်တယ်လို့ ပြောပါတယ်။

အစ္စရေး လေယာဉ်တွေနဲ့ တင့်ကားတွေဟာ တနင်္ဂနွေနေ့က ဂါဇာတလျှောက် ဧရိယာတွေကို အရှိန်ပြင်းပြင်း တိုက်ခိုက်ခဲ့လို့ လူ ၁၆ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသန္တရ ကျန်းမာရေးအာဏာပိုင်တွေက ပြောခဲ့ပါတယ်။ ဒါကြောင့် ဂါဇာမှာ ပါလက်စတိုင်း သေဆုံးသူ ၆၇,၁၃၉ ယောက်အထိ မြင့်တက်လာခဲ့ပါတယ်။

ဟားမတ်စ်နဲ့ အစ္စရေးတို့ကြား ပဋိပက္ခစဖြစ်တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်ကနေ ခုထိ ပါလက်စတိုင်း ၁၆၉,၅၈၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဂါဇာကျန်းမာရေး အာဏာပိုင်တွေက တနင်္ဂနွေနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ခဏအပစ်အခတ်ရပ်ပြီးတဲ့နောက် အခုနှစ် မတ် ၁၈ ရက်က ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးရဲ့ အကြီးစားစစ်ဆင်ရေးတွေ ပြန်စခဲ့ပါတယ်။

အငတ်ဘေးနဲ့ အာဟာရချို့တဲ့မှုကြောင့် သေဆုံးသူ စုစုပေါင်း အယောက် ၄၆၀ အထိ တိုးလာခဲ့ပြီး အဲဒီထဲမှာ ကလေးငယ် ၁၅၄ ယောက် ပါတယ်လို့ ပါလက်စတိုင်း အာဏာပိုင်တွေက ဆိုပါတယ်။

ဂါဇာကမ်းမြောင်မှာ အငတ်ဘေးအခြေအနေကို ဒေသန္တရ ကျန်းမာရေးအာဏာပိုင်တွေက ကြေညာပြီးကတည်းက ကလေးငယ် ၃၉ ယောက် အပါအဝင် စုစုပေါင်း သေဆုံးမှု ၁၈၂ မှု မှတ်တမ်းဝင်ခဲ့ပါတယ်။

ဂါဇာကမ်းမြောင်မှာ အစ္စရေးရဲ့ ၂ နှစ်နီးပါးကြာ စစ်ပွဲကို အဆုံးသတ်ဖို့ ရည်ရွယ်ပြီး စေ့စပ်ညှိနှိုင်းရေးမှူးတွေ အီဂျစ်နိုင်ငံမှာ တွေ့ဆုံ ဆွေးနွေးနေကြပါတယ်။

ဂါဇာကမ်းမြောင်ဒေသဆီ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ သယ်ဆောင်ပေးတဲ့ ရေယာဉ်အုပ်စုမှာ ပါဝင်ခဲ့တဲ့ အစ္စရေးစစ်ပွဲ အဆုံးသတ်ရေး တက်ကြွလှုပ်ရှားသူတွေကို လွှတ်ပေးရေး တောင်းဆိုတဲ့ လူထုဆန္ဒပြပွဲတွေ ကမ္ဘာတဝန်းမှာ ဆက်ဖြစ်နေပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့မှာ ဟားမတ်စ်တွေက အစ္စရေးကို တိုက်ခိုက်မှုအတွင်း အစ္စရေးမှာ စုစုပေါင်း လူ ၁,၁၃၉ ယောက် သေဆုံးခဲ့ပြီး လူအယောက် ၂၀၀ လောက်ကို ဓားစာခံအဖြစ် ဖမ်းဆီးထားခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013