Home
နိုင်ငံတကာ
ထရမ့်ပ်၏ အစီအစဉ်ကို ဟားမတ်စ်က သဘောတူပြီးနောက် ဂါဇာငြိမ်းချမ်းရေးမျှော်လင့်
DVB
·
October 5, 2025
Photo: REUTERS/Ebrahim Hajjaj

ဂါဇာမှာ ဗုံးကြဲတိုက်ခိုက်မှုကိုရပ်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တောင်းဆိုပြီး ဟားမတ်စ်အဖွဲ့က ငြိမ်းချမ်းရေးအတွက် အသင့်ဖြစ်နေပြီလို့ပြောဆို လက်ခံလာပြီးတဲ့နောက် စစ်ပွဲအဆုံးသတ်ဖို့ မျှော်လင့်တယ်လို့ ပါလက်စတိုင်းတွေကပြောပါတယ်။

ဓားစာခံတွေကို လွှတ်ပေးဖို့နဲ့ စစ်ပွဲအဆုံးသတ်ရေး အမေရိကန်ရဲ့ အစီအစဉ်ထဲက အချက်တွေ လက်ခံဖို့ ဟားမတ်စ်တွေက သဘောတူခဲ့တယ်လို့ ဆိုပါတယ်။

ဟားမတ်ရဲ့ တုံ့ပြန်မှုနောက်မှာ အစ္စရေးဓားစာခံတွေကို လွှတ်ပေးဖို့ ထရမ့်ပ်ရဲ့ ဂါဇာကမ်းမြောင်ဒေသ အစီအမံ ပထမဆုံးအဆင့်ကို ချက်ချင်း အကောင်အထည်ဖော်ဖို့ အစ္စရေးအစိုးရက ပြင်ဆင်နေတယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုရဲ့ ရုံးက ပြောပါတယ်။

မကြာခင်မှာ ဂါဇာမှာ ထိုးစစ်ဆင်မှုတွေကို လျှော့ချဖို့ စစ်တပ်ကို နိုင်ငံရေးဆိုင်ရာ အကြီးအကဲက ညွှန်ကြားထားတယ်လို့ အစ္စရေးမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ထရမ့်ပ်က အချက် ၂၀ ပါတဲ့ အစီအစဉ်ကို အောက်တိုဘာ ၅ ရက် နောက်ဆုံးထားလက်ခံဖို့နဲ့ လက်မခံရင် ပြင်းထန်တဲ့ အကျိုးဆက်တွေကို ရင်ဆိုင်ဖို့ ဟားမတ်စ်တွေကို နောက်ဆုံးသတ်မှတ်ရက် ပေးခဲ့တာကို ဂါဇာကို ထိန်းချုပ်ထားတဲ့ ပါလက်စတိုင်းအဖွဲ့ ဟားမတ်စ်က တုံ့ပြန်ခဲ့ပါတယ်။

၂၀၂၃ အောက်တိုဘာ ၇ ရက်မှာ အစ္စရေးကို ဟားမတ်စ်ဦးဆောင်တဲ့ တိုက်ခိုက်မှုအပြီးမှာ လူပေါင်း ၁၂၀၀ လောက် သေဆုံးပြီး ၂၅၁ ယောက်ကို ဓားစာခံအဖြစ် ဂါဇာကို ခေါ်သွားခဲ့တယ်လို့ အစ္စရေးရဲ့ စာရင်းဇယားတွေက ဆိုပါတယ်။

ဓားစာခံ ၄၈ ယောက် ကျန်ရှိနေသေးပြီး အယောက် ၂၀ အသက်ရှင်နေတယ်လို့ အစ္စရေးက ပြောပါတယ်။

အစ္စရေးရဲ့ ထိုးစစ်ကြောင့် ဂါဇာမှာ လူပေါင်း ၆၆,၀၀၀ ကျော် သေဆုံးခဲ့ပြီး အများစုက အရပ်သားတွေလို့ ဂါဇာကျန်းမာရေးအာဏာပိုင်တွေက ပြောပါတယ်။

အကူအညီပေးရေး ကန့်သတ်ချက်တွေကြောင့် ဂါဇာကမ်းမြောင်ဒေသမှာ အငတ်ဘေးဆိုက်နေပြီး အစ္စရေးရဲ့ ထိုးစစ်ကြောင့် ဂါဇာကမ်းမြောင်ရဲ့ နေရာ အများအပြား ပြားပြားဝပ် ပျက်စီးခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013