
ဂျာမနီနိုင်ငံရှိ ဂျူးပစ်မှတ်တွေကို ပြင်းပြင်းထန်ထန် အကြမ်းဖက်ဖို့ ပြင်ဆင်နေတယ်လို့ သံသယရှိသူ ၃ ယောက်ကို ဂျာမန်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း အစိုးရရှေ့နေတွေက အောက်တိုဘာ ၁ ရက်မှာ ပြောပါတယ်။
အောက်တိုဘာ ၂ ရက်မှာ ကားလ်စ်ရူဟာမြို့ရှိ ဖက်ဒရယ်တရားရုံးမှာ သူတို့ကို စစ်မေးဖို့ ခေါ်ဆောင်ထားပါတယ်။
သံသယရှိသူ ၂ ယောက်ဟာ ရဟတ်ယာဉ်နဲ့ ရောက်ရှိလာပြီး တတိယ တယောက်ကိုတော့ လေယာဉ်တတန်၊ ကားတတန်နဲ့ သီးခြားစီ ခေါ်ဆောင်ခဲ့ပါတယ်။
သူတို့ ၃ ယောက်ဟာ ဟားမတ်စ် အဖွဲ့အတွက် နိုင်ငံခြားလှုပ်ရှားမှုတွေကို လုပ်ဆောင်သူတွေလို့ အစိုးရရှေ့နေတွေက သံသယရှိနေကြပြီး ဂျာမနီနိုင်ငံရှိ အစ္စရေး သို့မဟုတ် ဂျူးအဖွဲ့အစည်းတွေကို ပစ်မှတ်ထား လုပ်ကြံသတ်ဖြတ်မှုတွေမှာ အသုံးပြုဖို့ သေနတ်နဲ့ ခဲယမ်းမီးကျောက်တွေကို ဝယ်ယူရာမှာ ပါဝင်ပတ်သက်နေကြောင်းလည်း ပြောဆိုပါတယ်။
ဂျာမန် ပုဂ္ဂလိကဥပဒေတွေနဲ့အညီ ဖော်ထုတ်ထားရာမှာ သူတို့ ၃ ယောက်ဟာ အသက် ၃၀ နှစ်ကနေ ၄၀ နှစ် အကြားရှိ ဂျာမန်နိုင်ငံသား ၂ ယောက်နဲ့ လက်ဘနွန်ဖွားတယောက်တို့ ဖြစ်ကြပြီး သူတို့ကို ဗုဒ္ဓဟူးနေ့က ဘာလင်မှာ ဖမ်းဆီးခဲ့တာပါ။
ဟားမတ်စ်ဘက်ကတော့ ဒါဟာ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေလို့ ပြောဆိုကာ သူတို့ ၃ ယောက်နဲ့ ဆက်စပ်မှုမရှိကြောင်း ဗုဒ္ဓဟူးနေ့မှာ ငြင်းဆိုခဲ့ပါတယ်။ သူတို့ရဲ့လှုပ်ရှားမှုကလည်း ပါလက်စတိုင်းမှာ အစ္စရေးရဲ့ သိမ်းပိုက်မှုကို ဆန့်ကျင်ခြင်းသာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
Source: Reuters