Home
နိုင်ငံတကာ
ဟားမတ်စ်ကို လက်နက်စွန့်ခိုင်းမည့် ဂါဇာငြိမ်းချမ်းရေးအစီအစဉ် ထရမ့်ပ် ထုတ်ပြန်
DVB
·
September 30, 2025
Photo :Reuters

ဂါဇာငြိမ်းချမ်းရေးအတွက် အစီအစဉ်သစ်တရပ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုတို့ သဘောတူလိုက်ပါတယ်။

ဒီအစီအစဉ်မှာ ဟားမတ်စ်အဖွဲ့က လက်နက်ချပြီး ဓားစာခံတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပြီး ငြင်းပယ်ရင်တော့ အစ္စရေးရဲ့ စစ်ရေးလှုပ်ရှားမှုကို အမေရိကန်က ဆက်လက်ထောက်ခံသွားမယ်လို့ ဆိုပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံအပြီးမှာ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက အချက် ၂၀ ပါ ဂါဇာငြိမ်းချမ်းရေး အစီအစဉ်သစ်ကို သဘောတူခဲ့တာ ဖြစ်ပါတယ်။

ဒီအဆိုပြုချက်ကို လိုက်နာမယ်ဆိုရင် စစ်ဆင်ရေး ချက်ချင်းရပ်ဆိုင်းရမှာဖြစ်ပြီး ဟားမတ်စ်က အသက်ရှင်နေသေးတဲ့ ဓားစာခံ ၂၀ နဲ့ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို ၇၂ နာရီအတွင်း ထုတ်ပေးရမှာပါ။

အပြန်အလှန်အနေနဲ့ အစ္စရေးဘက်ကလည်း ပါလက်စတိုင်းအကျဉ်းသား ရာနဲ့ချီပြီး ပြန်လွှတ်ပေးမှာ ဖြစ်ပါတယ်။

အဆင့်လိုက် ဆုတ်ခွာဖို့ သတ်မှတ်ချက်တွေ မကိုက်ညီမချင်း ရှိရင်းစွဲ “တိုက်ပွဲရှေ့တန်းစည်း” အတိုင်း ရပ်ထားမှာဖြစ်ပါတယ်။

ဓားစာခံတွေ အကုန်လုံး ပြန်လွှတ်ပေးပြီးရင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးနဲ့ လက်နက်ဖျက်သိမ်းရေးကို လက်ခံတဲ့ ဟားမတ်စ်အဖွဲ့ဝင်တွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမှာလို့ အစီအစဉ်မှာ ဖော်ပြပါတယ်။

ဂါဇာက ထွက်ခွာချင်တဲ့ ဟားမတ်စ် အဖွဲ့ဝင်တွေကိုလည်း လက်ခံမယ့်နိုင်ငံကို ဘေးကင်းတဲ့ လမ်းကြောင်းကနေ ပို့ပေးမယ်လို့ ဆိုပါတယ်။

အရေးကြီးတဲ့အချက်ကတော့ ဟားမတ်စ်အဖွဲ့ဟာ ဂါဇာရဲ့အုပ်ချုပ်ရေးမှာ ဘယ်လိုပုံစံနဲ့မှ ပါဝင်ခွင့်မရှိတော့ဘဲ လက်နက်အားလုံးကို စွန့်လွှတ်ရမှာ ဖြစ်ပါတယ်။

ဂါဇာရဲ့ ယာယီအုပ်ချုပ်ရေးကို ကြီးကြပ်ဖို့အတွက် ‘ငြိမ်းချမ်းရေးဘုတ်အဖွဲ့’ ဆိုတာကို ဖွဲ့စည်းမှာဖြစ်ပြီး အဲဒီအဖွဲ့ကို သမ္မတထရမ့်ပ် ကိုယ်တိုင် ဦးဆောင်ပြီး ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲလ်လည်း ပါဝင်မယ်လို့ သိရပါတယ်။

“အာရပ်ကမ္ဘာနဲ့ အစ္စရေးခေါင်းဆောင်တွေ၊ ပါဝင်ပတ်သက်သူအားလုံးက ကျုပ်ကို လုပ်ပါလို့ တောင်းဆိုလို့ပါ။ ဒါ့ကြောင့် အမေရိကန်သမ္မတ ဒေါ်နယ် ဂျေထရမ့်ပ်လို့ ထင်ရှားတဲ့ လူကြီးလူကောင်းတယောက်က ဒီအဖွဲ့ကို ဦးဆောင်မှာဖြစ်ပါတယ်” လို့လည်း သမ္မတ ထရမ့်ပ်က ပြောပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013