
ဂါဇာမြို့တော်မှာ အစ္စရေးရဲ့ မြေပြင်ထိုးစစ်ဟာ ပါလက်စတိုင်းတို့ရဲ့ အသက်အန္တရာယ်ကိုသာမကဘဲ ဖမ်းဆီးခံထားရတဲ့ အစ္စရေးစစ်သားတွေရဲ့ အသက်အန္တရာယ်ကိုပါ သိသိသာသာ ခြိမ်းခြောက်နေကြောင်း ဟားမတ်စ်အဖွဲ့က စက်တင်ဘာ ၁၆ ရက်မှာ ပြောပါတယ်။
“ဂါဇာမြို့တော်ကို ဦးတည်ပြီး စနစ်တကျ ဖျက်ဆီးမှုနဲ့ ဖက်ဆစ်ပုံစံ သုတ်သင်ရှင်းလင်းရေး တိုက်ခိုက်မှုဟာ အစ္စရေးသုံ့ပန်းစစ်သားတွေရဲ့ အသက်ကိုလည်း ခြိမ်းခြောက်နေပါတယ်” လို့ စစ်သွေးကြွအုပ်စုက သူ့ရဲ့ တယ်လီဂရမ်ချန်နယ်မှာ ကြေညာချက်တခု အလေးပေးဖော်ပြခဲ့ပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ ဆက်လက်ဖြစ်ပွားနေတဲ့ ထိုးစစ်၊ အစ္စရေးအကျဉ်းသားတွေရဲ့ အတိဒုက္ခနဲ့ ဂါဇာကမ်းမြောင်ဒေသမှာ တုန်လှုပ်ချောက်ချားဖွယ်ရာ အရပ်သားသေဆုံးမှုနှုန်းတွေကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ တုံ့ပြန်မှုဟာ ဟိုတမျိုးဒီတမျိုး ကျင့်သုံးနေတယ်လို့ ဟားမတ်စ်က ပြစ်တင်ရှုတ်ချခဲ့ပါတယ်။
နေတန်ယာဟုဟာ ဂါဇာကမ်းမြောင်ရှိ သူ့နိုင်ငံသား အကျဉ်းသားတွေရဲ့ အသက်ဘေးအတွက် အပြည့်အဝ တာဝန်ရှိကြောင်းနဲ့ ဂါဇာကမ်းမြောင်မှာ ရက်စက်ကြမ်းကြုတ်တဲ့ သုတ်သင်ရှင်းလင်းရေးစစ်ပွဲ အရှိန်မြင့်လာမှုအတွက် အမေရိကန်အစိုးရအဖွဲ့အနေနဲ့ သူ့ရဲ့ ပံ့ပိုးကူညီမှုနဲ့ လှည့်စားမှုဆိုင်ရာ မူဝါဒတွေအတွက် အပြည့်အဝ တာဝန်ရှိကြောင်း ဟားမတ်စ်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။
Source: Reuters