
အီတလီနိုင်ငံအနေနဲ့ အစ္စရေးဓားစာခံတွေ အားလုံးကို ပြန်လွှတ်ပေးပြီး ဟားမတ်စ် စစ်သွေးကြွအဖွဲ့ကို အစိုးရအခန်းကဏ္ဍကနေ ဖယ်ထုတ်မှသာ ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုမှာဖြစ်ကြောင်း အီတလီဝန်ကြီးချုပ် ဂျော်ရ်ဂျာ မယ်လိုနီက စက်တင်ဘာ ၂၃ ရက်မှာ ပြောကြားလိုက်ပါတယ်။
“ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုတာကို ဆန့်ကျင်တာမဟုတ်ပေမဲ့ မှန်ကန်တဲ့ ဦးစားပေးတွေ သတ်မှတ်သင့်တယ်” လို့ မယ်လိုနီက သတင်းထောက်တွေကို ပြောကြားလိုက်ပြီး ဒီကိစ္စနဲ့ပတ်သက်ပြီး သူ့အစိုးရအဖွဲ့ဟာ လွှတ်တော်ကို တင်ပြမယ်လို့လည်း နယူးယောက်မှာ ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်နေတဲ့ အီတလီဝန်ကြီးချုပ် မယ်လိုနီက ကြေညာခဲ့ပါတယ်။
နိုင်ငံတကာဖိအားတွေကို အစ္စရေးထက် ဟားမတ်စ်တွေကို ပေးသင့်တာဖြစ်ကြောင်းလည်း သူက ဆိုပါတယ်။
“အချုပ်အခြာအာဏာနိုင်ငံဖြစ်ဖို့ ကိုက်ညီတဲ့ လိုအပ်ချက်တွေ မရှိထားတဲ့ ပါလက်စတိုင်းကို အသိအမှတ်ပြုပေးခြင်းက ဒီပြဿနာကို မဖြေရှင်းနိုင်ပါဘူး။ ပါလက်စတိုင်းကို အသိအမှတ်ပြုတာက နိုင်ငံရေးအရ ဖိအားပေးနိုင်တဲ့ ထိရောက်တဲ့ လက်နက်တခုလို့ တချို့က ပြောကြပေမဲ့ အဓိက နိုင်ငံရေးဖိအား ပေးသင့်တာက ဟားမတ်စ်တွေကိုပါ။ ဘာကြောင့်လဲဆိုတော့ ဒီစစ်ပွဲကို စတင်ခဲ့သူတွေက ဟားမတ်စ်တွေဖြစ်ပြီး ဓားစာခံတွေကို လွှတ်ပေးဖို့ ငြင်းဆန်နေပြီးတော့ စစ်ပွဲအဆုံးသတ်ရေးကိုလည်း တားဆီးနေတာ ဟားမတ်စ်တွေပါ” လို့ အီတလီဝန်ကြီးချုပ် မယ်လိုနီက ပြောပါတယ်။
မယ်လိုနီဟာ ဥရောပသမဂ္ဂမှာ အစ္စရေးရဲ့ အခိုင်မာဆုံး မဟာမိတ်တွေထဲမှ တနိုင်ငံဖြစ်တဲ့ အီတလီနိုင်ငံရဲ့ လက်ယာယိမ်းအစိုးရကို ဦးဆောင်နေသူဖြစ်ပြီး အခုလမှာ ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုကြတဲ့ ဗြိတိန်၊ ကနေဒါနဲ့ ပြင်သစ်တို့လို တခြား G7 နိုင်ငံတွေအတိုင်း လိုက်နာဖို့ကိုလည်း ငြင်းဆိုထားပါတယ်။
Source: Reuters