Home
နိုင်ငံတကာ
ပါလက်စတိုင်းနိုင်ငံဖြစ်တည်မှု ကမ္ဘာ့ခေါင်းဆောင်များ ထောက်ခံ  
DVB
·
September 23, 2025
Photo :Reuters

ကုလသမဂ္ဂမှာ စုဝေးနေကြတဲ့ ကမ္ဘာ့ခေါင်းဆောင်အများအပြားဟာ အစ္စရေးနဲ့ အမေရိကန်ကို ဖီဆန်ပြီး ပါလက်စတိုင်းနိုင်ငံ ဖြစ်တည်မှုကို စက်တင်ဘာ ၂၂ ရက်မှာ ထောက်ခံလိုက်ကြပါတယ်။

ပြင်သစ်နဲ့ ဆော်ဒီအာရေဗျတို့ ဦးစီးကျင်းပတဲ့ အစည်းအဝေးမှာ သမ္မတ အီမန်နျူရယ်မက်ခွန်းက ပြင်သစ်ဟာ ပါလက်စတိုင်းနိုင်ငံဖြစ်တည်မှုကို အသိအမှတ်ပြုကြောင်း ကြေညာခဲ့ပါတယ်။

အဲဒီလိုပဲ ဒီတပတ်ညီလာခံမှာ လူဇင်ဘာ့ဂျ်၊ မော်လ်တာ၊ ဘယ်လ်ဂျီယမ်နဲ့ မိုနာကို တို့ကလည်း အသိအမှတ်ပြုလိုက်တဲ့အတွက် အခုဆိုရင် ကုလအဖွဲ့ဝင် ၁၉၃ နိုင်ငံထဲက လေးပုံသုံးပုံကျော်ဟာ ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုပြီးသား ဖြစ်သွားပါပြီ။

ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ ဥက္ကဋ္ဌ မာမွတ်အဘားစ်ကိုလည်း အမေရိကန်က ဗီဇာမပေးတဲ့ အတွက် ကုလညီလာခံ မတက်နိုင်ခဲ့ဘဲ ဗီဒီယိုလင့်ခ်ကနေပဲ မိန့်ခွန်းပြောခဲ့ရပါတယ်။

မက်ခွန်းက ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ကို ပြန်ဖွဲ့စည်းတာ၊ ဓားစာခံအားလုံးကို ပြန်လွှတ်ပေးတာ စတဲ့အချက်တွေပေါ် မူတည်ပြီး ပြင်သစ်သံရုံး ဖွင့်ပေးမယ့် မူဘောင်တခုကို ချပြခဲ့ပါတယ်။

၂၂ ရက်နေ့ ညီလာခံကို အမေရိကန်နဲ့ အစ္စရေးက သပိတ်မှောက်ခဲ့ပါတယ်။ အစ္စရေးရဲ့ သမိုင်းမှာ လက်ယာအစွန်းရောက်ဆုံးဖြစ်တဲ့ နေတန်ယာဟု အစိုးရကတော့ ပါလက်စတိုင်းနိုင်ငံဆိုတာ ဖြစ်လာမှာမဟုတ်ဘူးလို့ အတိအလင်း ကြေညာထားပါတယ်။

၂၀၂၃ အောက်တိုဘာ ၇ ရက်က ဟားမတ်စ်တွေ အစ္စရေးတောင်ပိုင်းကို ဝင်တိုက်ခိုက်ခဲ့ရာမှာ လူ ၁,၂၀၀ လောက် သေဆုံးခဲ့ပြီး ၂၅၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းခေါ်သွားခဲ့ပါတယ်။

အဲဒီနောက်ပိုင်း အစ္စရေးက ဂါဇာမှာ စစ်ဆင်ရေးတွေ လုပ်ခဲ့ရာမှာ ပါလက်စတိုင်း ၆၅,၀၀၀ ကျော် သေဆုံးခဲ့ပြီး အများစုက အရပ်သားတွေ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်းမှာတော့ အစ္စရေးဟာ ကမ်းမြောင်ဒေသရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ ဂါဇာစီးတီးကို မြေပြင်ထိုးစစ်ဆင်နေပါတယ်။

ပြင်သစ်သမ္မတက “ကျုပ်တို့ ငြိမ်းချမ်းရေးအတွက် လမ်းဖွင့်ပေးရမယ်။ အစ္စရေးနဲ့ ပါလက်စတိုင်းတို့ ဘေးချင်းကပ်ပြီး ငြိမ်းချမ်းလုံခြုံစွာ အတူနေထိုင်နိုင်မယ့် နိုင်ငံနှစ်ခု ဖြေရှင်းချက်အတွက် ဖြစ်နိုင်ခြေရှိနေအောင်လို့ ကျုပ်တို့ တတ်နိုင်သမျှ အရာအားလုံးကို လုပ်ရပါမယ်” လို့ ပြောခဲ့ပါတယ်။

ဒီအစည်းအဝေးမှာ တူရကီသမ္မတ၊ ကနေဒါဝန်ကြီးချုပ်နဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်တို့လည်း မိန့်ခွန်းပြောခဲ့ကြပါတယ်။

၂၀၂၄ ကတည်းက ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုခဲ့တဲ့ စပိန်ဝန်ကြီးချုပ် ပေဒရိုဆန်းချက်ဇ်ကလည်း ဒီအပြောင်းအလဲဟာ သိပ်အရေးကြီးတယ်လို့ ပြောပါတယ်။

“အခုဆိုရင် လုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ ဗြိတိန်နဲ့ ပြင်သစ်တို့က ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုလိုက်ပါပြီ။ အနောက်နိုင်ငံတွေထဲမှာလည်း နိုင်ငံအများစုက အသိအမှတ်ပြုပြီးသား ဖြစ်နေပါတယ်” လို့ သူက မှတ်ချက်ပေးခဲ့ပါတယ်။

Souece:Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013