
အီတလီနိုင်ငံ မြောက်ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပိတ်မိနေတဲ့ ရေဘေးသင့်ဒေသခံတွေကို ကယ်ဆယ်ရေးအဖွဲ့တွေက ရဟတ်ယာဉ်တွေ၊ ကုန်းရေ ၂ သွယ်သုံး ယာဉ်တွေ အသုံးပြုပြီး ကယ်ထုတ်ခဲ့ရပါတယ်။
လွန်မ်ဘာဒီနဲ့ ပိဒမွန့်ဒေသတွေမှာ ရေကြီး မြေပြိုခဲ့ပြီး စက်တင်ဘာ ၂၂ ရက်မှာ မီးသတ်သမားတွေဟာ ရေစီးနဲ့ မျောပါသွားတဲ့ ဂျာမန်အမျိုးသမီးတယောက်ကို ရှာဖွေခဲ့ကြကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
အဲဒီအမျိုးသမီးဟာ အလက်ဆန်ဒရီယာ ပြည်နယ်ထဲရှိ စပစ်ဂ်နိုမွန်ဖှာရာ့တိုမှ ဗာလ်ယာ စမ်းချောင်းမှာ ပျောက်ဆုံးသွားခဲ့တာဖြစ်ပြီး မီးသတ်သမား ၂၇ ယောက်တို့ဟာ မြစ်ကမ်းပါးတွေနဲ့ အနီးအနားရှိ ဆည်တွေတလျှောက် ဒရုန်းတွေ၊ ရဟတ်ယာဉ်တွေနဲ့ လိုက်ရှာဖွေခဲ့ကြပါတယ်။
တခြားနေရာတွေမှာလည်း မုန်တိုင်းတွေကြောင့် အကြီးအကျယ် အနှောင့်အယှက် ဖြစ်ရပါတယ်။ ကိုမိုပြည်နယ်မှာတော့ ဆီဗီဆိုမြစ်ရေ လျှံပြီးနောက် မီးသတ်သမားတွေဟာ ကာ့ဘီယာ့တယ်ရှိ နေအိမ်တွေနဲ့ မော်တော်ယာဉ်တွေမှာ ပိတ်မိနေသူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ပြီး မြေပြိုမှုကြောင့် ကိုမို- ချီယာဆို မီးရထားလိုင်း လမ်းပိတ်ဆို့သွားပါတယ်။
မေ့ဒါမှာ ရေမြုပ်နေတဲ့ မိခင်နဲ့ သမီးငယ်လေးကို လေကြောင်းကယ်ဆယ်ရေးအဖွဲ့မှ ကယ်ဆယ်ပေးခဲ့ပါတယ်။
မီလန်မှာတော့ အဖွဲ့သားတွေဟာ ကုန်းရေ ၂ သွယ်သုံး ယာဉ်တွေကို အသုံးပြုပြီးတော့ နီဂွါရ်ဒါ ခရိုင်ရှိ စာသင်ကျောင်းတွေမှာ သောင်တင်နေတဲ့ ကလေး ၃၀၀ လောက်ကို ကယ်ထုတ်ခဲ့ရပါတယ်။
Photo: Reuters


