
ဥရောပ မြောက်ဘက်နဲ့ တောင်ဘက်တို့ကို ဆက်သွယ်ထားတဲ့ မြန်နှုန်းမြင့်ရထားလမ်း ဖောက်လုပ်နေတဲ့ အလုပ်သမားတွေဟာ စက်တင်ဘာ ၁၈ ရက်က သြစတြီးယားနဲ့ အီတလီ အကြားရှိ နောက်ဆုံး ပါးလွှာတဲ့ကျောက်သားကို ဖြိုချခဲ့ပြီး ဘရန်နာဘေ့စ် မြေအောက်ဥမင်လိုဏ်ခေါင်းကို ဖွင့်လှစ်လိုက်ပါတယ်။
ကမ္ဘာ့အရှည်လျားဆုံး မြေအောက်ရထားလမ်းအဖြစ် သတ်မှတ်ခံထားရတဲ့ ဘရန်နာဘေ့စ် မြေအောက်ဥမင်လိုဏ်ခေါင်းဟာ လေထုညစ်ညမ်းမှုကို ဖြတ်တောက်ပြီး နယ်စပ်ကုန်သွယ်ရေးကို မြှင့်တင်ဖို့အတွက် ကုန်စည်ပို့ဆောင်ရေးကို မော်တော်ယာဉ်လမ်းကြောင်းကနေ ရထားလမ်းနဲ့ ရွှေ့ပြောင်းပို့ဆောင်မယ့် ဥရောပသမဂ္ဂရဲ့ ဗဟိုအချက်အချာတခု ဖြစ်ပါတယ်။
အီတလီဝန်ကြီးချုပ် ဂျော်ဂျာမီလိုနီနဲ့ သြစတြီးယားအဓိပတိ ခရစ္စတီယန်စတုတ်ကာတို့ တက်ရောက်တဲ့ အခမ်းအနားအတွင်း ဘရန်နာ ဥမင်လိုဏ်ခေါင်းမှ စူးစမ်းရှာဖွေရေး ဥမင်လိုဏ်ခေါင်းရဲ့ နောက်ဆုံးကျောက်သားအလွှာကို ထုချေ ဖြိုချလိုက်တာပါ။
အီတလီ၊ သြစတြီးယားနဲ့ ဥရောပတခွင်လုံးအတွက် သမိုင်းဝင်နေ့တနေ့ပါပဲလို့ မီလိုနီက ကျောက်သားဖြိုချတဲ့ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။
ဒီလမ်းကြောင်းဟာ သြစတြီးယားနဲ့ အီတလီကို တိုက်ရိုက်ဆက်သွယ်တဲ့ ပထမဆုံး အထူးသီးသန့် ရထားဥမင်လိုဏ်ခေါင်း ဖြစ်လာမှာပါ။
ရထားလမ်းကို လျာထားချက်ထက် ၁၆ နှစ် နောက်ကျပြီး ၂၀၃၂ ခုနှစ်မှာ ဖွင့်လှစ်ဖို့ စီစဉ်ထားပါတယ်။
ရထားလမ်းဟာ ယူရို ၈ ဒသမ ၅ ဘီလီယံ (ဒေါ်လာ ၁၀ ဘီလီယံ) ကုန်ကျမှာဖြစ်ပြီး ဘတ်ဂျက်ထက် ၂ ဒသမ ၅ ဘီလီယံ ပိုမိုကုန်ကျမှာ ဖြစ်ပါတယ်။
ဘရန်နာ တောင်ကြားလမ်းဟာ ကုန်စည်ပို့ဆောင်မှုအတွက် အသုံးပြုတဲ့ ဥရောပရဲ့ အလုပ်အများဆုံး တောင်ကြားလမ်းတွေထဲမှ တခုဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း အဲ့လ်ပ် တောင်ကြားလမ်းကို ဖြတ်သန်းတဲ့ ထရပ်ကားအစီးရေ ၂ ဒသမ ၅ သန်းကျော်၊ ကားအစီးရေ ၁၄ သန်းနဲ့ ကုန်စည်တန်ချိန် သန်း ၅၀ ကျော် ရှိပါတယ်။
Source: Reuters


