Home
မြန်မာသတင်း
စားသောက်ကုန်ဈေးနှုန်း မြင့်တက်မှုကို ဖြေရှင်းရန် သြစတြီးယား ကြိုးပမ်း
DVB
·
August 28, 2025

လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ဥရောပတခွင်မှာ လူနေမှုစရိတ်တွေ မြင့်တက်နေလို့ သြစတြီးယားနိုင်ငံဟာ စားသောက်ကုန်စျေးနှုန်း အများကြီးမြင့်တက်တာနဲ့ ရင်ဆိုင်နေရပြီး ဖြေရှင်းနည်းတွေကို ရှာဖွေနေပါတယ်။

ဒီဖြစ်ရပ်ဟာ ဥရောပမှာ အဆုံးမရှိတဲ့ လူနေမှုစရိတ်အကျပ်အတည်း ခံစားချက်ကို ပိုမိုနက်ရှိုင်းစေပါတယ်။

လွန်ခဲ့တဲ့ ၄ နှစ်အတွင်း သြစတြီးယား အစားအသောက်ဈေးနှုန်းတွေ သုံးပုံတပုံ မြင့်တက်ခဲ့ပေမဲ့ အများသူငါ လေ့လာချက်တရပ်အရ စူပါမားကတ်ဆိုင်တွေမှာ အမြတ်ငွေ တိုးလာတာကိုတော့ မတွေ့ရပါဘူး။

သြစတြီးယား အလုပ်သမားများအသင်းက စီးပွားရေးပညာရှင် ဒယ်နီယယ် ဝစ်ဇာနီ ဟိန်းမ်က “သြစတြီးယား ဘဏ္ဍာရေးဝန်ကြီးက အစားအသောက်ဆိုင်ရာ စျေးနှုန်း ဝင်ရောက်စွက်ဖက်ဖို့ တောင်းဆိုထားပါတယ်။ ဒီနေရာမှာ အလွန်အထောက်အကူဖြစ်နိုင်တဲ့ အတိုင်းအတာတခုကတော့ နိုင်ငံတကာ စားသောက်ကုန် လုပ်ငန်းတွေရဲ့ နယ်မြေအလိုက် ဖြန့်ဖြူးမှု ကန့်သတ်ချက်တွေကို ဖျက်သိမ်းဖို့ ဒါမှမဟုတ် နိုင်ငံအသီးသီးက ဥရောပစားသုံးသူတွေကို မတူတဲ့စျေးနှုန်းတွေနဲ့ ကောက်ခံဖို့ပါ” လို့ ပြောပါတယ်။

နယ်မြေအလိုက် ဖြန့်ဖြူးရေး ကန့်သတ်ချက်တွေကြောင့် အဓိက စားသောက်ကုန် ကော်ပိုရေးရှင်းတွေဟာ ပိုအဆင်ပြေတဲ့ စည်းကမ်းချက်တွေကို ညှိနှိုင်းပေးတဲ့ ဂျာမနီနဲ့  နှိုင်းယှဉ်ရင် ဩစတြီးယားလို သေးငယ်တဲ့ နိုင်ငံငယ်လေးတွေမှာ ကုန်ပစ္စည်းတွေကို စျေးပိုမြှင့် ရောင်းချနိုင်နေပါတယ်။

သြစတြီးယား လက်လီရောင်းချသူတယောက်က ဆံပင်ဖျန်းဆေးဘူးတဘူးအတွက် ၃ ဒသမ ၂၀ ယူရို ပေးရပြီး ဂျာမနီမှာရှိတဲ့ လက်လီရောင်းချသူတယောက်က ကုန်ပစ္စည်းတမျိုးတည်းအတွက် ၂ ယူရို ပေးဆောင်ရပါတယ်။

အလှအပရေးရာကဏ္ဍမှာ ၆၀ ရာခိုင်နှုန်း ကွာခြားနေတာပါ။ ပြုပြင်ပြီးသား အစားအစာတွေ အတွက် ကွာခြားချက်က ၃၀ ရာခိုင်နှုန်းအထိ ရှိတယ်လို့ Rain Association က CEO ဖြစ်သူ ရိန်းက ပြောပါတယ်။

မေလမှာ ဥရောပသမဂ္ဂ (EU) ရဲ့ ကော်မရှင်က အစီအမံအသစ်တွေကို ကြေညာခဲ့ပေမဲ့ နယ်မြေအလိုက် ဖြန့်ဖြူးမှု ကန့်သတ်ချက်တွေကို ဆန့်ကျင်တဲ့ ဥပဒေပြုရေး အဆိုပြုချက်တော့ မရှိသေးပါဘူး။

ဩစတြီးယားဟာ အခုနှစ်ကုန်မှာ ဥပဒေကို ပြုပြင်ပြောင်းလဲဖို့ တိုက်တွန်းထားပါတယ်။ EU တဝန်းက လက်လီရောင်းချသူတွေကို တူညီတဲ့စျေးနဲ့ လက်လီရောင်းချခွင့်ပြုခြင်းဟာ အစားအသောက်စျေးနှုန်းတွေကို လျှော့ချဖို့ အလားအလာကောင်းတဲ့ နည်းလမ်းတခု ဖြစ်ပါတယ်။

တချို့ဥရောပနိုင်ငံတွေက ရလဒ်တွေ ရောနေပေမဲ့ သတ်မှတ်စျေးနှုန်းနဲ့ရောင်းဖို့ ကြိုးစားခဲ့ကြပါတယ်။

ဟန်ဂေရီနဲ့ ခရိုအေးရှားတို့က အရင်က စားသောက်ကုန်တချို့အပေါ် ကန့်သတ်ချက်တွေ ချမှတ်ထားပေမဲ့ ဒီလုပ်ရပ်ကြောင့် တခြားထုတ်ကုန်တွေအပေါ် ဈေးနှုန်းတွေ မြင့်တက်စေတယ်လို့ ဝေဖန်သူတွေက စောဒကတက်ခဲ့ကြပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013