Home
မြန်မာသတင်း
ဘားအံတွင် လိုင်စင်မဲ့ယာဥ်နှင့် တရားမဝင် ကုန်ပစ္စည်း ဖမ်းဆီးမှုကြောင့် ကုန်ဈေးနှုန်းတက်
DVB
·
June 11, 2025

ကရင်ပြည်နယ်အတွင်း လိုင်စင်မဲ့ ဆိုင်ကယ်၊ မော်တော်ယာဥ်တွေနဲ့ တရားမဝင် ဝင်ရောက်လာတဲ့ ကုန်ပစ္စည်းတွေကိုပါ ဖမ်းဆီးနေတာကြောင့် ကုန်ဈေးနှုန်းတွေ မြင့်တက်နေတယ်လို့ မြို့မိမြို့ဖတွေက ပြောပါတယ်။

မေ ၂၀ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်ကောင်စီအဖွဲ့ရဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ စစ်ခေါင်းဆောင်က လိုင်စင်မဲ့ကားနဲ့ လိုင်စင်မဲ့ ဆိုင်ကယ် စီးနင်းနေတာတွေကို ဖော်ထုတ်ဖမ်းဆီးဖို့ ညွှန်ကြားခဲ့ပါတယ်။

ဒါကြောင့် ဇွန် ၁ ရက်ကစတင်ပြီး ကရင်ပြည်နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်နဲ့ လိုင်စင်မဲ့ ကားတွေ ဖမ်းဆီးခဲ့ပါတယ်။

ဒါအပြင် အောက်တိုဘာ ၉ ရက်က တရားမဝင် ဝင်ရောက်လာတဲ့ ကုန်ပစ္စည်းတွေကို နယ်စပ်ဒေသနဲ့ ကုန်သွယ်မှုလမ်းကြောင်းတွေအပြင် ပြည်တွင်းသိုလှောင်ရုံနဲ့ ဈေးကွက်တွေအထိ ဝင်ရောက်စစ်ဆေး အရေးယူသွားဖို့ ဒုစစ်ခေါင်းဆောင်က ညွှန်ကြားခဲ့ပြီးနောက် ဖမ်းဆီးမှုတွေ ဆက်တိုက် လုပ်ဆောင်နေပါတယ်။

ဘားအံ မြို့ခံတယောက်က “အဖမ်းအဆီး ကြမ်းတဲ့အခါကျတော့ သွားချင်သလို မရတဲ့အခါကျတော့  ကုန်ဈေးနှုန်းတွေက တက်တာပေါ့။ ဂျူတီအမှန်နဲ့မှ သွားရမယ်ဆိုတော့ သယ်ယူပို့ဆောင်စရိတ် မြင့်လာတယ်။ စားသုံးသူမှာပဲ သက်ရောက်မှု ပြန်ဖြစ်သွားတယ်။ နောက်ဂိတ်တွေကလည်း မှန်လည်း ပေးရတယ်။ မမှန်လည်း ပေးရတယ်”လို့ ပြောပါတယ်။

လက်ရှိမှာလည်း ကုန်စည်တင်ယာဉ်တွေ သွားလာမှု လျော့နည်းလာတာကြောင့် ဘားအံမြို့မှာ ထိုင်းနိုင်ငံထုတ် စားသောက်ကုန်တွေဟာ ၁ မျိုးကို ကျပ် ၅၀၀ ကနေ ကျပ် ၁၀၀၀ အထိ ဈေးနှုန်းတွေ မြင့်တက်နေပါတယ်။

ဒါ့အပြင် အခြေခံလူတန်းစားတွေရဲ့ စိုက်ပျိုးရေးထုတ်ကုန်တွေ ဖြစ်တဲ့ ဟင်းသီးဟင်းရွက်ဈေးတွေပါ မြင့်တက်လာတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဘားအံမြို့ခံတယောက်က “လိုင်စင်မဲ့ယာဉ်တွေ ဖမ်းဆီးနေတာကြောင့် ကုန်ဈေးနှုန်းတွေက အသီးအရွက်က အစ ဈေးတွေတက်တယ်။ ရွာကလူတွေ အရင်က လိုင်စင်မဲ့ယာဉ်တွေနဲ့ မြို့ပေါ်ကို လာပို့လို့ရတယ်။ အခုက လာပို့လို့မရတော့ဘူးဆိုတော့ ကုန်ဈေးနှုန်းတွေ အသီးအရွက်က အစ ဈေးတက်တယ်။ ကားတွေကလည်း မတက်ရတော့ (ထိုင်း)ပစ္စည်းတွေက သိပ်မဝင်တော့ဘူး။  တချို့ပစ္စည်းတွေက ပြတ်တဲ့ဟာ ပြတ်နေပြီ”လို့ ပြောပါတယ်။

မြန်မာ- ထိုင်းနယ်စပ် မြဝတီမြို့ကတဆင့် မြန်မာတနိုင်ငံလုံးကို လိုင်စင်မဲ့မော်တော်ယာဉ်တွေနဲ့ ကုန်စည်တွေ ဝင်ရောက်ဖို့ လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ ဌာနဆိုင်ရာတွေကို ငွေကြေးပေးဆောင်ပြီး အဓိက တင်သွင်းနေတာလို့ ဒေသခံတွေက ပြောပါတယ်။ 

၅ ရက် ညပိုင်းကစပြီး ဘားအံမြို့မှာ ထိုင်းနိုင်ငံထုတ် ကုန်စည်တွေ တင်ဆောင်လာတဲ့ ကုန်တင်ယာဉ် ၃၆၂ စီးကို မော်လမြိုင်အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူးအမိန့်နဲ့ ဖမ်းဆီးခဲ့ပါတယ်။

ဖမ်းဆီးခံထားရတဲ့ ကုန်တင်ယာဉ် ၃၆၂ စီးထဲက တရားဝင် ကုန်စည်တွေ တင်ဆောင်လာတာ ဟုတ်၊ မဟုတ် ပြည်နယ်အကောက်ခွန်ဦးစီးဌာနက  စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

အောင်ခန့်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013