
မွန်ပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ယာဥ်ထိန်းရဲအဖွဲ့တွေက လိုင်စင်မဲ့ မော်တော်ယာဥ်တွေနဲ့ ယာယီလိုင်စင်ဆိုင်ကယ်တွေကို ဖမ်းဆီး အရေးယူနေရာမှာ အမျိုးသမီး အတွင်းခံ ဘရာစီယာ မဝတ်ဆင်ဘဲ ဆိုင်ကယ်စီးနင်းလာသူတွေကိုပါ အရေးယူ ဒဏ်ရိုက်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
လိုင်စင်မဲ့ယာဥ်တွေ ဖမ်းဆီးအရေးယူနေတာကြောင့် လိုင်စင်ပါဆိုင်ကယ်ကို အပြည့်အစုံ ယူဆောင်ပြီး အရေးကြီးကိစ္စနဲ့ အပြင်သွားခဲ့ရာမှာ အတွင်းခံဘရာစီယာ မဝတ်ဆင်နိုင်ဘဲ မောင်းနှင်ခဲ့တာကြောင့် စစ်ကောင်စီ လုံခြုံရေးရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးဒဏ်ရိုက်တာ ခံခဲ့ရကြောင်း ပေါင်မြို့ခံတယောက်က ပြောပါတယ်။
“လွန်ခဲ့တဲ့ ၅ ရက်လောက်က ဖြစ်သွားတာ။ ရုံးက ကောင်မလေးတယောက်ရဲ့ အဒေါ်ပါ။ အရေးကြီးကိစ္စနဲ့ အပြင်ကိုထွက်သွားတာ ဘော်လီဝတ်ဖို့ မေ့သွားတယ်ထင်တယ်။ သူ့ဆိုင်ကယ်မှာလည်း ယာဥ်နဲ့ပတ်သက်တာအားလုံး အစုံရှိလျက်နဲ့ ဘော်လီမဝတ်ဘဲ စီးလို့ဆိုပြီး ဒဏ်ငွေ ၅၀,၀၀၀ ရိုက်လိုက်တယ်။”
လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးအရေးယူဖို့ ပြီးခဲ့တဲ့ မေ ၂၀ ရက်က နေပြည်တော်က အစည်းအဝေးမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုခဲ့ပြီးနောက်ပိုင်း လိုင်စင်မဲ့ မော်တော်ယာဉ်တွေကို နေအိမ်အထိ တင်းတင်းကျပ်ကျပ် ဖမ်းဆီးတာတွေ လုပ်ဆောင်လာကြပါတယ်။
ဒါ့အပြင် ဖိနပ်မပါဘဲ ဆိုင်ကယ်မောင်းနှင်တာနဲ့ ဘော်လီမဝတ်ဘဲ ဆိုင်ကယ်မောင်းနှင်တာတွေကိုပါ ဖမ်းဆီးအရေးယူနေကြောင်း လူမှုကွန်ရက်မှာ Live လွှင့် ပြောဆိုခဲ့တဲ့ ပေါင်မြို့၊ ကဒါမြို့သစ်နေသူ ကျော်အာကာဝင်း (ခ) ဖိုးဝ ဆိုသူကို အများပြည်သူ အထိတ်တလန့် ဖြစ်စေရန်နဲ့ အစိုးရကို အကြည်ညိုပျက်စေရန် ရည်ရွယ်မှုနဲ့ ပေါင်မြို့မရဲစခန်းက (ပ)၁၀၉/၂၀၂၅ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့် အရေးယူထားကြောင်း ရဲစခန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
မွန်ပြည်နယ်အတွင်းရှိ လိုင်စင်မဲ့မော်တော်ယာဥ် ဖမ်းဆီးရာမှာ စစ်ကောင်စီလက်အောက်ခံ အဖွဲ့စုံကနေ ဖမ်းဆီးမှုတွေကို လုပ်ဆောင်နေပြီး ဖမ်းမိရင်လည်း ယာဉ်တွေကို အပြီးအပိုင် သိမ်းဆည်းပြီး ယာဥ်ပိုင်ရှင်တွေကိုလည်း ငွေကြေးနဲ့ ထုတ်ယူခိုင်းတာအပြင် တချို့ကို ထောင်ဒဏ်ချမှတ်တဲ့အထိ လုပ်ဆောင်နေကြောင်း မြို့ခံတွေကြား ဝေဖန်မှုတွေလည်း မြင့်တက်နေပါတယ်။