
ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်မှာ အဲကွန်းဖွင့် အလုံပိတ်အခန်းမှာ ဟင်းအိုးတူးရာက ထွက်ပေါ်လာတဲ့ မီးခိုးငွေ့ကြောင့် အသက်ရှူကျပ်ပြီး အောက်စီဂျင်ပြတ်ကာ အမျိုးသမီး ၂ ယောက် သေဆုံးခဲ့တယ်လို့ ဒေသတွေဆီက သိရပါတယ်။
မနေ့ ဇွန် ၈ ရက် မနက်ပိုင်းက ဗိုလ်တထောင်မြို့နယ်၊ အမှတ် ၆ ရပ်ကွက်၊ ၄၃ လမ်းရှိ တိုက်ခန်းတခန်းရဲ့ အလုံပိတ်အခန်းအတွင်း ဟင်းချက်ထားပြီး အဲကွန်းဖွင့်ကာ အိပ်ပျော်သွားတဲ့ အမျိုးသမီး ၂ ယောက် အောက်စီဂျင်ပြတ်ကာ သေဆုံးသွားတာလို့ ဆိုပါတယ်။
ရပ်ကွက်နေ ဒေသခံတယောက်က “ပရဟိတအဖွဲ့တွေက အလောင်းတွေ လာသယ်သွားတယ်။ သေဆုံးသူတွေက တည်ထားတဲ့ဟင်းအိုးကို မီးမပိတ်ဘဲ အိပ်စက်ခဲ့ရာကနေ ဟင်းအိုးတူးပြီး မီးခိုးတွေထွက်ရာက အသက်ရှူကျပ်ပြီး အမျိုးသမီး ၂ ယောက်စလုံး သေဆုံးခဲ့တာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောတယ်။ ဟင်းအိုးက အမဲသားချက်ထားတာတဲ့” လို့ ပြောပါတယ်။
သေဆုံးသူ ၂ ယောက်ဟာ အသက် ၆၅ နှစ်အရွယ်နဲ့ အသက် ၅၀ ကျော်အရွယ်တွေ ဖြစ်ပြီး အဲဒီ သေဆုံးသူ ၂ ယောက်ရဲ့ ရုပ်အလောင်းကို ဘိုကလေးစျေး ပရဟိတအသင်းနဲ့ အဖြူရောင်ကမ်းလက် လူမှုကူညီရေးအသင်းတို့က ဆေးရုံပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
မေ ၁ ရက်ကလည်း စမ်းချောင်းမြို့နယ်၊ လင်းလွန်းတောင်ရပ်ကွက်၊ ရွှေလောင်းလမ်းရှိ တိုက်ခန်းတခုရဲ့ ၄ လွှာမှာ မီးစက်မီးခိုးငွေ့ ရှူရှိုက်မိလို့ မိသားစုဝင် ၄ ယောက် သေဆုံးခဲ့ပါတယ်။