Home
ဆောင်းပါး
အာဆီယံ၏ အမျိုးသမီးများ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအစီအစဉ်သည် မြန်မာနိုင်ငံမှ အမျိုးသမီးများအပေါ် နိုင်ငံရေးနှင့် ကျင့်ဝတ်ပိုင်းဆိုင်ရာ ကျရှုံးမှုတခု
DVB
·
June 7, 2025
Photo: DVB

အာဆီယံသည် ၂၀၂၂ ခုနှစ်တွင် အာဆီယံ အမျိုးသမီးများ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ဒေသဆိုင်ရာ လုပ်ငန်းစီမံချက် (The ASEAN Regional Plan of Action on Women Peace and Security) ကို ထုတ်ပြန်ခဲ့ပြီး ထိုစီမံချက်သည် ပဋိပက္ခကြိုတင်တားဆီးရေး၊ ဖြေရှင်းရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် အမျိုးသမီးများ၏ ပါဝင်မှုကို အာမခံချက် ပေးခြင်းအားဖြင့် ဒေသတွင်း ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးအတွက် လမ်းပြမြေပုံတခု ဖြစ်သည်ဟု ကြွေးကြော်ခဲ့သည်။

ထိုလုပ်ငန်းစီမံချက်ထဲတွင် ဂျန်ဒါအခြေပြု အကြမ်းဖက်မှု ကြိုတင်တားဆီးရေးနှင့် အမျိုးသမီးများကို ထိုအကြမ်းဖက်မှုများမှ အကာအကွယ်ပေးရေး၊ အမျိုးသမီးများ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး (WPS) နှင့် စပ်လျဉ်းသည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၃၂၅ အား နိုင်ငံအလိုက် အကောင်အထည်ဖော်ရန် ကြိုးပမ်းမှုများကို ပံ့ပိုးကူညီရေး စသည့်အကြောင်းအရာများ ထည့်သွင်းဖော်ပြထားသည်။

အာဆီယံ၏ WPS လုပ်ငန်းစီမံချက်သည် အမျိုးသမီးအခွင့်အရေးနှင့် စွမ်းရည်မြှင့်တင်ရေး ကိုးကားချက်များဖြင့် သီကုံးထားသော စာတမ်းတခု ဖြစ်သည်။ ဤလုပ်ငန်းစီမံချက်ထဲတွင် နိုင်ငံတကာဥပဒေ ကိုးကားချက်များနှင့် လက်တွေ့အကောင်အထည်ဖော်မှု ကတိကဝတ်များလည်း ပါဝင်သည်။ ထို့ကြောင့် အပေါ်ယံကြည့်ပါက အာဆီယံသည် ၎င်း၏ နိုင်ငံတကာ တာဝန်ဝတ္တရားများကို လိုက်နာပြီး မှန်ကန်သော ခြေလှမ်းတခု လှမ်းလိုက်သည်ဟု အလွယ်တကူ ဩဘာပေးမိနိုင်သည်။

သို့သော် မြန်မာနိုင်ငံမှ အမျိုးသမီးများ၊ အထူးသဖြင့် ဆယ်စုနှစ်ပေါင်းများစွာ စစ်တပ်၏ အကြမ်းဖက်မှု၊ လိင်ကျွန်ပြုမှုနှင့် စစ်ပွဲနောက်ဆက်တွဲ စိတ်ဒဏ်ရာများကို ရင်ဆိုင်ခံစားလာခဲ့ရသော အမျိုးသမီးများအတွက်မူ ဤလုပ်ငန်းစီမံချက်သည် မျှော်လင့်ချက်ရောင်နီတခု မဟုတ်ဘဲ သစ္စာဖောက်သည့် လုပ်ရပ်တခုသာ ဖြစ်သည်။

ရှင်သန်လွတ်မြောက်လာသူများ၊ မြေပြင်လှုပ်ရှားဆောင်ရွက်သူများ၊ လူမှုအသိုက်အဝန်းကို ကာကွယ်စောင့်ရှောက်သူများ၊ ငြိမ်းချမ်းရေး တည်ဆောက်သူများ၊ တော်လှန်ရေးခေါင်းဆောင်များ အစရှိသဖြင့် အစုအဖွဲ့အမျိုးမျိုးမှ မြန်မာနိုင်ငံမှ အမျိုးသမီးများကို ဤဒေသဆိုင်ရာ လုပ်ငန်းစီမံချက် ရေးဆွဲရေးဖြစ်စဉ်ထဲတွင် လုံးဝထည့်သွင်းခဲ့ခြင်း မရှိသလို ၎င်းတို့နှင့် ဆွေးနွေးတိုင်ပင်ခဲ့ခြင်းလည်း မရှိချေ။ မိမိတို့သည် စားပွဲဝိုင်းသို့ တကြိမ်တခါမျှ ဖိတ်ကြားခြင်း မခံခဲ့ရပါ။

မိမိတို့ ရင်ဆိုင်ကြုံတွေ့ ဖြတ်သန်းခဲ့ရသည်များကို အသိအမှတ်ပြုခြင်းမရှိသလို မိမိတို့၏ အသံများကိုလည်း နားထောင်ခဲ့ခြင်း မရှိချေ။ စစ်တပ်က မြန်မာပြည်သူများ၊ အမျိုးသမီးများနှင့် နောက်ဆုံး မိမိတို့အားလုံးအပေါ် အကြမ်းဖက်စစ်ပွဲများ ဆင်နွှဲနေချိန် အာဆီယံ WPS အစီအစဉ်ကို မိမိတို့ မသိလိုက်ဘဲ ရေးဆွဲခဲ့ကြပြီး မိမိတို့၏ တက်ရောက်ပါဝင်ခွင့်၊ အကာအကွယ်ရရှိခွင့်နှင့် နိုင်ငံရေး အသိအမှတ်ပြုမှု ရရှိခွင့်ကို ငြင်းပယ်ခဲ့ကြသည်။

ထိုသို့ ဘေးဖယ်ထုတ် ချန်ရစ်ခဲ့သည့် လုပ်ရပ်သည် လုပ်ထုံးလုပ်နည်းအရ သတိလက်လွတ်ဖြစ်သွားခြင်း မဟုတ်ပါ။ ကျင့်ဝတ်ပိုင်းဆိုင်ရာနှင့် နိုင်ငံရေးအရ ကျရှုံးမှုတခုဖြစ်ပြီး အာဆီယံ၏ WPS အစီအစဉ်ကို တရားဝင်မှု ကင်းမဲ့သွားစေသည်။

အာဆီယံသည် တရားမဝင် အကြမ်းဖက်စစ်အုပ်စုကို ဆက်လက် အကာအကွယ်ပေးနေသည်

၂၀၂၁ ခုနှစ် အာဏာသိမ်းရန်ကြိုးပမ်းမှု ဖြစ်ပြီးနောက်ပိုင်း မြန်မာနိုင်ငံသည် သမိုင်းတလျှောက် အကြမ်းဖက်မှု အမြင့်ဆုံးနှင့် အဆီအငေါ်မတည့်ဖြစ်နေသည့် ကာလတခုအတွင်းသို့ ကျရောက်ခဲ့ရသည်။ တရားမဝင်စစ်အုပ်စုသည် လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၄,၀၀၀ ကျော် ပြုလုပ်ခဲ့ပြီး ပြည်သူများ၏ နေအိမ် ၁၀၀,၀၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့သည်။ စစ်အုပ်စုသည် စာသင်ကျောင်းများနှင့် ဆေးရုံများကိုလည်း ဗုံးကြဲတိုက်ခိုက်လာခဲ့ပြီး မုဒိမ်းမှုနှင့် လိင်အကြမ်းဖက်မှုများကို စစ်လက်နက်တခုအဖြစ် ထိတ်လန့်ဖွယ်ကောင်းလောက်အောင် အစဉ်တစိုက် ကျူးလွန်လာခဲ့သည်။

အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) (WLB) သည် ဖေဖော်ဝါရီ ၂၀၂၁ မှ ဇွန် ၂၀၂၄ အထိ ကာလအတွင်း အမျိုးသမီးများအပေါ် လိင်အကြမ်းဖက်မှု ကျူးလွန်သည့် ဖြစ်စဉ်ပေါင်း ၄၉၂ ခုအထိ မှတ်တမ်းတင်နိုင်ခဲ့ပြီး ထိုထဲတွင် အမျိုးသမီးများ မုဒိမ်းကျင့် သတ်ဖြတ်ခံရသည့်ဖြစ်စဉ် အနည်းဆုံး ၁၃ ခု ပါဝင်သည်။

ဤအရာများသည် အသစ်အဆန်းမဟုတ်ချေ။ မြန်မာစစ်တပ်သည် တိုင်းရင်းသား လူမျိုးစုများအပေါ် ရမ်းကားအကြမ်းဖက်မှုများ ကျူးလွန်လာခဲ့ကြောင်း ခိုင်လုံသော သမိုင်းမှတ်တမ်းများ ကာလကြာရှည်စွာ ရှိထားပြီးဖြစ်သည်။ ပဋိပက္ခနှင့်ဆက်နွှယ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ (CRSV) ကျူးလွန်မှုကြောင့် ဤမြန်မာစစ်တပ်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကလည်း ၂၀၁၈ ခုနှစ်ကတည်းက နာမည်ပျက် လက်နက်ကိုင်အဖွဲ့များ စာရင်းထဲတွင် ထည့်သွင်းထားခဲ့သည်။

အမျိုးသမီးများ၊ အထူးဖြင့် တိုင်းရင်းသားလူမျိုးစုနှင့် ဘာသာရေးလူနည်းစုဝင် အမျိုးသမီးများအပေါ် မုဒိမ်းမှု ကျူးလွန်ခြင်းသည် တိုက်ဆိုင်မှုတခု မဟုတ်ပါ။ ဗျူဟာမြောက် စနစ်တကျ စီမံထားသော ရက်စက်ကြမ်းကြုတ်မှုတခု ဖြစ်သည်။ ဤလုပ်ရပ်များကို ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ဆုံးဖြတ်ချက်များတွင် ဆယ်စုနှစ်ပေါင်းများစွာ မှတ်တမ်းတင်ထားသည်ကိုလည်း တွေ့နိုင်သည်။

သို့သော် အမျိုးသမီးများအပေါ် အကာအကွယ်ပေးရေးနှင့် အကြမ်းဖက်မှု ကြိုတင်တားဆီးရေးကို ဦးစားပေး ဆောင်ရွက်ပါမည်ဟု ကြွေးကြော်ထားသော အာဆီယံသည် ဤရာဇဝတ်မှုများအတွက် တာဝန်ရှိသည့် ကျူးလွန်သူ အဖွဲ့အစည်းဖြစ်သော မြန်မာစစ်တပ်ကို ဆက်လက် အကာအကွယ်ပေးနေလျက် ရှိသည်။

အာဆီယံသည် မြန်မာနိုင်ငံကို ရက်စက်ကြမ်းကြုတ်မှုများ ဖြစ်ပွားရာ နေရာတခုအနေဖြင့် မဟုတ်ဘဲ သံတမန်ရေးရာ စိန်ခေါ်မှုတခုအဖြစ်သာ သဘောထားသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံမှ အမျိုးသမီးများသည် အာဆီယံ၏ WPS အစီအစဉ်တွင် ဗဟိုချက်မနေရာမှ ပါဝင်ရမည့်သူများ ဖြစ်သော်လည်း ၎င်းတို့၏အသံကို လုံးဝချန်လှပ်ထားခဲ့ကြသည်။

အာဆီယံတွင် မြန်မာနိုင်ငံမှ အမျိုးသမီးများအတွက် မည်သူက ကိုယ်စားပြု ပြောဆိုပေးနေသနည်း

မိမိတို့ ရှင်းလင်းပြတ်သားစွာ နားလည်ထားရမည့် အရာတခုမှာ အာဆီယံ အမျိုးသမီးနှင့် ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေးနှင့် မြှင့်တင်ရေးကော်မရှင် (ACWC) ကဲ့သို့ အာဆီယံ ယန္တရားများထဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ပါဝင်နေသော အမျိုးသမီးများသည် ရှင်သန်လွတ်မြောက်လာသူများ၊ တက်ကြွလှုပ်ရှားသူများ သို့မဟုတ် ဖမ်မင်နစ် (Feminist) ခေါင်းဆောင်များ မဟုတ်ကြပါ။ ၎င်းတို့သည် စစ်တပ်က ခန့်ထားသော ဗျူရိုကရက်များသာ ဖြစ်ကြသည်။

၎င်းတို့သည် မြန်မာပြည်သူများအတွက် ရပ်တည်ပြောဆိုပေးသူများ မဟုတ်ကြပါ။ ပြည်သူများကို ဗုံးကြဲ၊ မုဒိမ်းကျင့်၊ ရမ်းကား အကြမ်းဖက်နေသည့် စစ်တပ်အတွက်သာ ပြောဆိုပေးသူများ ဖြစ်ကြသည်။

အာဆီယံ၏ “ပြည်တွင်းရေးမစွက်ဖက်ရေး” နှင့် “ဘုံသဘောတူချက်အခြေပြု ဆုံးဖြတ်ချက်ချမှတ်ရေး” ဟူသည့် အတုအယောင် မူများအောက်တွင် ထိုလူပျက်များ နေရာဆက်ရနေသည်။ ပြည်သူများကို သတ်ဖြတ်ခြင်း၊ အမျိုးသမီးများကို မုဒိမ်းကျင့်ခြင်းနှင့် ရိုဟင်ဂျာများကို လူမျိုးတုံးသတ်ဖြတ်ခြင်း ကျူးလွန်ခဲ့သည့် မြန်မာစစ်တပ်သည် ၂၀၁၇ ခုနှစ် ကတည်းက အာဆီယံအစည်းအဝေးများတွင် မြန်မာနိုင်ငံ အခြေအနေအကြောင်း ဆွေးနွေးမှု မလုပ်နိုင်အောင် ပိတ်ပင်နိုင်ခဲ့သည်။

မြန်မာနိုင်ငံမှ အမျိုးသမီးများသည် နွေဦးတော်လှန်ရေးကာလ တလျှောက်လုံး စစ်တပ်ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ရှေ့တန်းမှ ပါဝင်လာခဲ့ကြသည်။ ၎င်းတို့သည် ACWC ကဲ့သို့သော အာဆီယံ လူ့အခွင့်အရေး ယန္တရားများတွင် စစ်အုပ်စုကိုယ်စားလှယ်များ ပါဝင်နေခြင်းကို ပယ်ချထားပြီး ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုကိုယ်စားလှယ်များသည် စစ်တပ်၏ ရက်စက်ယုတ်မာ အကြမ်းဖက်မှုကို ခံနေရသော မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များ၏ အခြေအနေများကို အစည်းအဝေးများတွင် တင်ပြဆွေးနွေးခြင်း မရှိသည့်အတွက်ကြောင့် ဖြစ်သည်။

ထို့ကြောင့်လည်း လွန်ခဲ့သော ၄ နှစ်အတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့် ပတ်သက်၍ဖြစ်စေ အာဆီယံ WPS လုပ်ငန်းစီမံချက်အရဖြစ်စေ အာဆီယံက တရားဝင် ထုတ်ပြန်ခဲ့သော ကြေညာချက်များတွင် စစ်ကိုင်းနှင့် ချင်းပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သော အုပ်စုလိုက် မုဒိမ်းကျင့်မှုများကို လည်းကောင်း၊ စစ်ကိုင်း၊ ချင်း၊ ကရင်၊ ကရင်နီ၊ ကချင်၊ တအာင်းနှင့် ရှမ်း ဒေသများတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးသူငယ်များ သေဆုံးခဲ့ရခြင်းကိုလည်းကောင်း တကြိမ်တခါမှ အသိအမှတ်ပြု ဖော်ပြခဲ့ခြင်း မရှိချေ။

အာဆီယံသည် မည်သို့သော အမျိုးသမီးများ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး မူဘောင်ကိုများ အတည်ပြု ချမှတ်ခဲ့လေသနည်း။ စစ်ရာဇဝတ်ကောင်များက တိုင်းပြည်အတွင်း ၎င်းတို့ကိုယ်တိုင် မုဒိမ်းကျင့် ဗုံးကြဲသတ်ဖြတ်နေသည့် အမျိုးသမီးများကို ကိုယ်စားပြုရန်အတွက် ၎င်းတို့၏ လက်ပါးစေများကို စေလွှတ်ထားခြင်းကို ဒေသတွင်းနိုင်ငံများက ဝိုင်းဝန်းလက်ခုပ်ဩဘာပေးသည့် မူဘောင်တခုကိုများ ချမှတ်ထားခဲ့ကြလေသလား။

သိက္ခာနှင့် အနှစ်သာရမရှိသည့် ထပ်မံကြေညာစာတမ်းများ

အာဆီယံသည် မြန်မာနိုင်ငံမှ အမျိုးသမီးများအပေါ် ပျက်ကွက်လာခဲ့သည်မှာ ယခုမှမဟုတ်ပါ။ ဆယ်စုနှစ်တခု ကျော်ပြီဖြစ်သည်။ အာဆီယံသည် ၂၀၁၃ ခုနှစ်တွင် အမျိုးသမီးနှင့် ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုပပျောက်ရေး ကြေညာစာတမ်းကို အတည်ပြုခဲ့ပြီး ထိုကြေညာစာတမ်းသည် ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ ဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှု၊ အကာအကွယ်ပေးရေး ဝန်ဆောင်မှု၊ ဂျန်ဒါမူဝါဒ ပေါင်းစပ်အကောင်အထည်ဖော်မှု စသည့် ရဲရင့်သော ကတိကဝတ်များဖြင့် ပြည့်နေခဲ့သည်။

သို့သော် လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း တိုင်းရင်းသားလူမျိုးစုများ၏ ဌာနေများတွင် စစ်ဆင်ရေးများတွင် အမျိုးသမီးများကို မုဒိမ်းကျင့်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်ခြင်းကို စစ်လက်နက်သဖွယ် အသုံးပြုလာခဲ့သည့် မြန်မာစစ်တပ်၏ လုပ်ရပ်များကို အာဆီယံက လုံးဝမသိကျိုးကျွန်ပြု နှုတ်ဆိတ်နေခဲ့သည်။ ထိုသို့သော ရက်စက်မှုများကို ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း (SWAN) က ၂၀၀၂ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော “မုဒိမ်းကျင့်ခွင့်လိုင်စင်” (License to Rape) အစီရင်ခံစာတွင် တွေ့နိုင်သည်။

လွန်ခဲ့သော လေးနှစ်အတွင်း စစ်အုပ်စု၏ စစ်ကြောရေးစခန်းများနှင့် အကျဉ်းထောင်များမှအစ ပြည်သူများနေထိုင်ရာ ကျေးရွာများအား ဝင်ရောက်စီးနင်းမှုအဆုံး မြန်မာနိုင်ငံတဝန်း ပဋိပက္ခနှင့် ဆက်နွှယ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ (CRSV) အပါအဝင် လိင်နှင့် ဂျန်ဒါအခြေပြု အကြမ်းဖက်မှုများ (SGBV) တဟုန်ထိုး တိုးများလာနေချိန်တွင် အာဆီယံသည် ရုပ်ပျက်ဆင်းပျက် အသံတိတ်နေခဲ့သည်။

ဤသို့ တိတ်ဆိတ်ခြင်းသည် ဥပေက္ခာပြုခြင်း သက်သက်မဟုတ်ဘဲ ကြံရာပါလုပ်ရပ်တခု ဖြစ်သည်။ အာဆီယံသည် WPS လုပ်ငန်းစီမံချက်ကို အတည်ပြု ချမှတ်လိုက်သည့်တိုင် စစ်အုပ်စုက ကျူးလွန်သော ရာဇဝတ်မှုများကိစ္စကို ၎င်း၏ လုပ်ငန်းစဉ်များထဲမှ ရည်ရွယ်ချက်ရှိရှိ ထုတ်ပယ်ထားခဲ့သည်။ ထို့ကြောင့်လည်း စစ်အုပ်စု ကိုယ်စားလှယ်များသည် တာဝန်ခံစရာမလိုအောင် အကာအကွယ်ရရှိနေကာ ဒေသတွင်းအဆင့် ဆွေးနွေးမှု အကြောင်းအရာများကို ၎င်းတို့စိတ်ကြိုက် ဆက်လက်ပုံသွင်းခွင့် ရနေကြသည်။

မုဒိမ်းမှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုနှင့် စစ်ရာဇဝတ်မှုမြောက်သည့် လုပ်ရပ်များဖြစ်ပြီး အာဆီယံ၏ ကြံရာပါ လုပ်ရပ်များသည် စစ်အုပ်စုက ထိုရာဇဝတ်မှုများကို စစ်လက်နက်အဖြစ် ဆက်လက်ကျူးလွန်အောင် ရဲဆေးတင်ပေးသလို ဖြစ်နေသည်။ လက်ရှိတွင် အာဆီယံသည် တဖက်တွင် WPS လုပ်ငန်းစီမံချက်ကို တိုးတက်မှု ပြရုပ်တခုအဖြစ် ထုတ်ပြနေသော်လည်း တဖက်တွင်မူ ၎င်းက ဆန့်ကျင်အရေးယူသွားမည်ဟု ကြွေးကြော်ထားသည့် ကျူးလွန်သူများကို ကိုယ်တိုင် ဆက်လက်အားပေးနေသည့်အပြင် ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို တရားဝင်မှု အသိအမှတ်ပြုမှု ပေးနေကာ ၎င်းက ကာကွယ်ပေးမည်ဟု ကြွေးကြော်ထားသည့် အမျိုးသမီးများကိုလည်း ကိုယ်တိုင် ပြန်လည်သစ္စာဖောက်နေသည်။

အမျိုးသမီးများ မပါဝင်သော အမျိုးသမီးများအတွက် အစီအစဉ်တခု

မိမိတို့ ပါဝင်မှုမရှိသော မည်သည့်ကိစ္စမှ မိမိတို့အတွက်ဟု ပြောခွင့်မရှိပါ။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၁၃၂၅ တွင် ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ဖြစ်စဉ်များ အားလုံးတွင် အမျိုးသမီးများ တန်းတူ အပြည့်အဝ ပါဝင်ရမည်ဟု အခိုင်အမာ ပြဋ္ဌာန်းထားသည်။ ၎င်းသည် စည်းနှောင်မှုရှိသော ဆုံးဖြတ်ချက်တခု ဖြစ်သလို ဥပဒေနှင့် ကျင့်ဝတ်ဆိုင်ရာ တာဝန်တခုလည်း ဖြစ်သည်။

နိုင်ငံတိုင်းနှင့် ဒေသတွင်း အစုအဖွဲ့တိုင်းသည် ထိုဆုံးဖြတ်ချက်နှင့်အညီ အများပါဝင်မှု၊ ပွင့်လင်းမြင်သာမှုနှင့် ရှင်သန်လွတ်မြောက်လာသူ ဗဟိုပြု လုပ်ငန်းစဉ်များမှတဆင့် လုပ်ငန်းစီမံချက်များ ရေးဆွဲရမည့်တာဝန် ရှိသည်။

ထိုတာဝန်ကို ဖြည့်ဆည်းဆောင်ရွက်နေသည်ဟု အာဆီယံက အခိုင်အမာ ဆိုထားသည်။ သို့သော် ဤသို့ပြောဆိုခြင်းသည် မည်သို့မှ ဖြစ်နိုင်စရာမရှိပါ။ အဘယ်ကြောင့်ဆိုသော် ဤဒေသဆိုင်ရာ WPS လုပ်ငန်းစီမံချက် ညှိနှိုင်းဆွေးနွေးရေးနှင့် ရေးဆွဲရေးလုပ်ငန်းစဉ်တွင် မြန်မာ့အရပ်ဘက် လူထုအသိုင်းအဝိုင်းမှ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသည့် အဖွဲ့အစည်း တခုတလေနှင့်မျှ ဆွေးနွေးတိုင်ပင်ခဲ့ခြင်း မရှိသလို တက်ရောက်ပါဝင်ရန် ဖိတ်ကြားခဲ့ခြင်းလည်း မရှိခဲ့ခြင်းကြောင့် ဖြစ်သည်။

လုပ်ငန်းစဉ် အစကတည်းက ပဋိပက္ခဒဏ်ခံနေရသည့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသော အမျိုးသမီးများကို လက်ကမ်းချိတ်ဆက်မှု မရှိဘဲ၊ တိုင်းရင်းသားလူနည်းစု ဒေသခံလူထုများမှ အမျိုးသမီးများ ပါဝင်နိုင်သည့် ပလက်ဖောင်း မရှိဘဲ၊ ခုခံတွန်းလှန်သူများ၏ အသံကို အသိအမှတ်ပြုမှု မရှိဘဲ ထိုအာဆီယံဒေသတွင်း WPS လုပ်ငန်းစီမံချက်သည် မည်သည့် တရားဝင်မှုနှင့် လုပ်ပိုင်ခွင့်အာဏာများ ရှိနိုင်ပါမည်နည်း။

မြန်မာနိုင်ငံမှ အမျိုးသမီးထုကြီး တရပ်လုံးသည် ၂၀၁၇ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ၈ နှစ်ကြာ လျစ်လျူရှုခြင်း၊ မသိကျိုးကျွန်ပြုခြင်းနှင့် ဖယ်ကြဉ်ခြင်း ခံလာခဲ့ရသည်။

အာဆီယံ WPS လုပ်ငန်းစီမံချက် စာမျက်နှာ ၁၀ တွင် U.N. Women ၏ ပံ့ပိုးကူညီမှုဖြင့် ရေးဆွဲခဲ့ပြီး ၂၀၁၃ တွင် အတည်ပြုခဲ့သော မြန်မာအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်းအကြောင်း ထည့်သွင်းဖော်ပြထားသည်။

အဆိုပါ ၁၀ နှစ် စီမံချက်သည် အရပ်ဘက် လူထုအဖွဲ့အစည်းများက တင်ပြခဲ့သော မူကြမ်းပါ တိုင်းရင်းသားလူမျိုးစု အမျိုးသမီးများ ကြုံတွေ့နေရသော အခြေအနေများ အထူးသဖြင့် ဝေးလံသော ပဋိပက္ခဒဏ်သင့်ဒေသများမှ SGBV ကြုံတွေ့နေရသူများ၏ အခြေအနေများကို ကိုင်တွယ်ဖြေရှင်းရန် အကြံပြုချက်အခန်းကဏ္ဍကို ရည်ရွယ်ချက်ရှိရှိ ဖယ်ထုတ်ထားခဲ့သည်။

ထို့ပြင် ထိုအဆိုပြုချက်မူကြမ်း ရေးဆွဲရာတွင်လည်း အောက်ခြေအမျိုးသမီးထုများ အထူးသဖြင့် ပဋိပက္ခဒဏ်သင့် ဒေသများမှ အမျိုးသမီးများနှင့် အများပါဝင်မှုနှင့် အဓိပ္ပာယ်ပြည့်ဝမှုရှိသော ပူးပေါင်းပါဝင်မှုအခြေပြု ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်းလည်း မရှိချေ။ လူမှုအသိုင်းအဝိုင်းတခုစာ ပြည်သူများကို အကာအကွယ်ပေးရန် သို့မဟုတ် လူမှုအသိုင်းအဝိုင်းတခု အတွင်းရှိ အခြေအနေတခုကို ပိုကောင်းအောင် မွမ်းမံရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်သော နိုင်ငံတော်အဆင့် စီမံချက်တခု သို့မဟုတ် ဥပဒေတခုကို ရေးဆွဲချမှတ်သည့်အခါ ရေးဆွဲရေးဖြစ်စဉ်၏ မည်သည့်အဆင့်တွင်မှ ကာယကံရှင် လူမှုအသိုင်းအဝိုင်းကို ပါဝင်ခွင့်မပြုကြပါပဲ ထိုဥပဒေ သို့မဟုတ် မူဝါဒကို မည်သို့ ရေးဆွဲချမှတ်ခဲ့ကြလေသနည်း။

ထို့ကြောင့် အာဆီယံ WPS လုပ်ငန်းစီမံချက်နှင့် မြန်မာနိုင်ငံ၏ ၁၀ နှစ်စာ နိုင်ငံတော်စီမံချက် နှစ်ခုလုံး ရေးဆွဲရာတွင် ပံ့ပိုးကူညီခဲ့သော U.N. Women ၏ ဒေသဆိုင်ရာရုံးနှင့် မြန်မာနိုင်ငံရုံးကို ထောက်ပံ့နေသည့် U.N. Women နှင့် အလှူရှင်အဖွဲ့များကို မဖြစ်မနေ မေးခွန်းထုတ်ရမည်။ ၎င်းတို့သည် မြန်မာနိုင်ငံမှ အမျိုးသမီးများ၏ အခြေအနေ၊ ၎င်းတို့၏အသံများနှင့် ပူးပေါင်းပါဝင်ခွင့်ကို မည်သို့များ လျစ်လျူရှုနိုင်ခဲ့ကြလေသနည်း။ အထူးသဖြင့် ဤဥပဒေများ၊ မူဝါဒများနှင့် လိုအပ်သော လုပ်ငန်းစီမံချက်များ ရေးဆွဲသည့် လုပ်ငန်းစဉ်တွင် ပဋိပက္ခနှင့် အကြမ်းဖက်မှုများ တိုက်ရိုက်ခံစားနေရသည့် အထူးသဖြင့် တိုင်းရင်းသားလူမျိုးစုနှင့် ဘာသာရေး လူနည်းစုများမှ အမျိုးသမီးများကို ထည့်သွင်းခြင်းမပြုဘဲ မည်သည့်စိတ်ဖြင့် လျစ်လျူရှုနိုင်ခဲ့ကြလေသနည်း။

မြန်မာနိုင်ငံမှ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့် မုဒိမ်းမှု ကျူးလွန်ခြင်းကို စစ်လက်နက်သဖွယ် အသုံးပြုနေသော စစ်အုပ်စု၏ လုပ်ရပ်များကို ၎င်းတို့ကိုယ်တိုင်က မည်သည့်စိတ်နှင့်များ ကြံရာပါလုပ်ကာ ဆက်လက် နှုတ်ဆိတ်နေနိုင်သနည်း။ ထိုအမျိုးသမီးများကို လျစ်လျူရှုပြီး ဒေသဆိုင်ရာ လုပ်ငန်းစီမံချက် ရေးဆွဲရေး လုပ်ငန်းစဉ်မှ ဖယ်ထုတ်ထားခဲ့သည့် အာဆီယံ၏လုပ်ရပ်ကို ၎င်းတို့က မည်သို့များ ခွင့်ပြုနိုင်ခဲ့ကြလေသနည်း။

မြန်မာနိုင်ငံရှိ U.N. Women ဘာလုပ်နေသနည်း။ မြန်မာနိုင်ငံမှ အမျိုးသမီးများ ချန်လှပ်ခံရသည့်ကိစ္စကို ၎င်းတို့က ဘာကြောင့်များ ပြန်လည်မတင်ပြခဲ့သနည်း။ ဤအခြေအနေကို ဘာကြောင့် လက်ခံထားခဲ့ကြသနည်း။

၎င်းတို့၏အကျိုးကို ကာကွယ်ရန် မြန်မာနိုင်ငံမှ အမျိုးသမီး တဦးစ နှစ်ဦးစကို အာဆီယံ WPS လုပ်ငန်းစီမံချက် အတည်ပြုပြီးနောက်မှသာ ကြုံသလို အပြသဘောလောက်သာ ဖိတ်ကြားခဲ့ခြင်းသည် လုံးဝလွဲမှားနေပြီး လက်ခံနိုင်စရာ မရှိချေ။ အထူးသဖြင့် တရားမဝင် စစ်အုပ်စုက အမျိုးသမီးများကို ရည်ရွယ်ချက်ရှိရှိ ပြင်းပြင်းထန်ထန် ပစ်မှတ်ထား နှိပ်ကွပ်နေချိန်တွင် ထိုသို့ပြုလုပ်ခြင်းသည် ပို၍ပင် လက်သင့်မခံနိုင်စရာ ဖြစ်သည်။

၂၀၂၁ ခုနှစ် မတိုင်ခင်ကတည်းကပင် မြန်မာနိုင်ငံတွင် ထိုသို့သော အစီအစဉ်တခု ရှိမည့်အကြောင်း အမျိုးသမီးများကို အသိပေးရန် ပညာပေးအစီအစဉ်များ ပြုလုပ်ခဲ့ခြင်း မရှိခဲ့ချေ။ စစ်ဒဏ်သင့် ဒေသများတွင် နေထိုင်ကြရသော အမျိုးသမီးများကို ထိုစီမံချက်အကြောင်း အသိပေးခြင်းပင်မရှိဘဲ အမျိုးသမီး ကာကွယ်ရေးနှင့် အမျိုးသမီးခေါင်းဆောင်မှုအတွက် ဒေသဆိုင်ရာ မူဘောင်တခုကို အာဆီယံအနေဖြင့် အကောင်အထည် ဖော်နေသည်ဟု မည်သို့ ပြောဆိုနိုင်မည်နည်း။

ဤကိစ္စသည် သတိလက်လွတ် ဖြစ်သွားခြင်း မဟုတ်ပါ။ စနစ်တကျ ဖယ်ကြဉ်သည့် လုပ်ရပ်သာ ဖြစ်သည်။ နိုင်ငံရေးတွက်ချက်မှုတွင် ၎င်းတို့အတွက် ကသိကအောက် အနှောင့်အယှက် ဖြစ်စေသည့် အမျိုးသမီးထုကြီး တခုလုံးကို ရှင်းထုတ်လိုက်ခြင်းဖြစ်သည်။ ဤကိစ္စတွင် ဖြစ်စဉ်တလျှောက် ငွေကြေးနှင့် နည်းပညာ အကူအညီပေးခဲ့သော U.N. Women သည်လည်း ၎င်း၏ မသိကျိုးကျွန်ပြုမှုအတွက် ထပ်တူ တာဝန်ယူ တာဝန်ခံရမည်။

အာဆီယံသည် အမျိုးသမီးများ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး အရေးကိစ္စကို အမှန်တကယ် အလေးထားပါက အောက်ပါ လုပ်ဆောင်ချက်သုံးခုကို ဦးစွာ စတင်အကောင်အထည်ဖော်ရမည်။

၁။ အာဆီယံ၏ အမျိုးသမီးနှင့် ဂျန်ဒါရေးရာ ယန္တရားများ၊ လုပ်ငန်းစဉ်များနှင့် ဖိုရမ်များ အားလုံးတွင် ရှိနေသော စစ်အုပ်စု၏ ကိုယ်စားလှယ်များကို ဖယ်ရှားရမည်။ ACWC နှင့် အာဆီယံ WPS လုပ်ငန်းစီမံချက်နှင့် ဆက်စပ်လုပ်ငန်းစဉ်များ အားလုံးအတွက် စစ်အုပ်စုက စေလွှတ်ထားသော လက်ရှိကိုယ်စားလှယ်များ၏ ပါဝင်မှုကို ချက်ချင်းရပ်ဆိုင်းထားရမည်။ ၎င်းတို့သည် မြန်မာနိုင်ငံ အမျိုးသမီးများ၏ တရားဝင်ကိုယ်စားလှယ်များ မဟုတ်ကြပါ။

၂။ မြန်မာနိုင်ငံ အမျိုးသမီးများ ပိုင်ဆိုင်သည့် ၎င်းတို့ကိုယ်တိုင် ဦးဆောင်သော WPS အစီအစဉ်နှင့် အကောင်အထည်ဖော်မှုကို ပံ့ပိုးကူညီပါ။ အာဆီယံသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ခန့်အပ်ထားသော ကိုယ်စားလှယ်များ အပါအဝင် ဖမ်မင်နစ် (Feminist) အမျိုးသမီး ခေါင်းဆောင်များဖြင့် စုဖွဲ့ထားသော အာဆီယံ ကိုယ်စားလှယ်အဖွဲ့ကို ဖွဲ့စည်းပေးရမည်။ ထိုကိုယ်စားလှယ်အဖွဲ့သည် မူလကနဦးမှစ၍ ဖယ်ကြဉ်ချန်လှပ်ခံခဲ့ရသည့် မြန်မာနိုင်ငံ အမျိုးသမီးများအတွက် အထူးသီးသန့် ရည်ရွယ်သည့် လုပ်ငန်းစဉ်များကို အကျိုးဆောင်ရန် ကမကထပြု ဆောင်ရွက်နိုင်သည့် လုပ်ပိုင်ခွင့် အပါအဝင် အဓိပ္ပာယ်ပြည့်ဝပြီး သီးခြားလွတ်လပ်သော လုပ်ပိုင်ခွင့်အာဏာများ ရှိရမည်။ ဤသို့ဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံမှ အမျိုးသမီးများ၏ အတွေ့အကြုံများ၊ စိုးရိမ်ချက်များ၊ အသံများနှင့် အကြံပြုချက်များကို အာဆီယံ WPS လုပ်ငန်းစီမံချက်တွင် ပေါင်းစပ်ထည့်သွင်းရမည် ဖြစ်သည်။

ဤကိုယ်စားလှယ်အဖွဲ့သည် ပထမဦးဆုံးအနေဖြင့် အထူးသဖြင့် ပဋိပက္ခဒေသများရှိ မြန်မာ့ဒီမိုကရေစီနှင့် တိုင်းရင်းသားလူမျိုးစု တော်လှန်ရေးလှုပ်ရှားမှုနှင့် ဖမ်မင်နစ်လှုပ်ရှားမှုမှ အမျိုးသမီး ခေါင်းဆောင်များနှင့် လက်ကမ်းချိတ်ဆက်ကာ ၎င်းတို့ကိုယ်တိုင် ဦးစီးဆောင်ရွက်နေသော အစီအစဉ်များနှင့် လုပ်ငန်းစဉ်များအကြောင်း လေ့လာရမည်။

ဥပမာ - မိမိ ပါဝင်တည်ထောင်ခဲ့သည့် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) (WLB) အဖွဲ့သည် အမျိုးသမီးများ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး အရေးကိစ္စကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက် စတင်အတည်ပြု ချမှတ်လိုက်ချိန်မှစ၍ အဖွဲ့ချုပ်၏ အဓိကကဏ္ဍနှင့် အစီအစဉ်တခု အနေဖြင့် မြေပြင်ပေါ်တွင် အကောင်အထည်ဖော်လာခဲ့သည်။ WLB သည် WPS အကြောင်းကို မြေပြင်ရှိ အမျိုးသမီးများ ပိုမိုသိရှိနားလည်လာစေရန် သင်တန်းများပေးကာ တိုင်းရင်းသား ဘာသာစကား များစွာဖြင့် စာစောင်များလည်း ဖြန့်ဝေခဲ့သည်။

ထို့နောက် ကိုယ်စားလှယ်အဖွဲ့သည် ဤဒေသခံ မြန်မာအမျိုးသမီးခေါင်းဆောင်များနှင့် တိုင်ပင်ကာ အာဆီယံ WPS လုပ်ငန်းစီမံချက်တွင် မြန်မာနိုင်ငံ အမျိုးသမီးများ၏ အခြေအနေများအတွက် လုပ်ငန်းစဉ် အကြံပြုချက်များ ရေးဆွဲနိုင်မည်ဖြစ်သည်။ ဆွေးနွေးညှိနှိုင်းမှုလုပ်ငန်းစဉ် ဖော်ဆောင်ရေး ဆောင်ရွက်မည့် ပုံစံဒီဇိုင်း (modality) သတ်မှတ်ချက်နှင့် ပတ်သက်၍ ကြိုတင်သဘောတူညီမှု ရယူ ဆောင်ရွက်ရမည်။

နောက်မှသာလိုက်ပါ။ ဦးဆောင်မှု မပြုပါနှင့်။ စစ်ပွဲကာလအတွင်း မြေပြင်ရှိ အမျိုးသမီးကွန်ရက်များ၊ တိုင်းရင်းသားလူမျိုးစု အမျိုးသမီးအဖွဲ့အစည်းများ (အထူးသဖြင့် ပဋိပက္ခဒေသများမှ အဖွဲ့များ)၊ ရှင်သန်လွတ်မြောက်လာသူ အုပ်စုများ၊ ဖမ်မင်နစ်အဖွဲ့များနှင့် အမျိုးသမီးခေါင်းဆောင်များ အတူတကွ လာရောက်စုဆုံနိုင်သည့် မြန်မာနိုင်ငံမှ အမျိုးသမီးများ ကိုယ်တိုင် ဦးဆောင်သော ကိုယ်ပိုင်လုပ်ငန်းစဉ်တခုကို စီစဉ်ဆောင်ရွက်နိုင်ရန်အတွက် ၎င်းတို့က တောင်းဆိုသော လိုအပ်သော အရာများကိုသာ ပံ့ပိုးကူညီပါ။

၎င်းတို့သည်သာ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး ရရှိရေးအတွက် ခိုင်မာအားကောင်းသော ဖြေရှင်းဆောင်ရွက်မှု နည်းလမ်းများ ပိုင်ဆိုင်ထားကြသည့် စစ်မှန်သော ခေါင်းဆောင်များနှင့် ရှင်သန်လွတ်မြောက်လာသူများ ဖြစ်ကြသည်။ ၎င်းတို့ကသာ အာဆီယံ WPS လုပ်ငန်းစီမံချက်ကို အများပါဝင်မှု၊ အဓိပ္ပာယ်ပြည့်ဝမှုနှင့် ပိုမိုခိုင်မာအားကောင်းမှုရှိအောင် ကူညီပေးနိုင်သူများဖြစ်ပြီး မြန်မာနိုင်ငံ အမျိုးသမီးများအတွက် သာမက အာဆီယံဒေသ တခုလုံးမှ အမျိုးသမီးများအတွက်ပါ အကျုံးဝင်စေမည့် ထိရောက်သော အကောင်အထည်ဖော်မှု ဖြစ်လာအောင် ကူညီပေးနိုင်သည်။

၃။ SGBV နှင့် CRSV ကို အသိအမှတ်ပြု၍ ကိုင်တွယ်ဖြေရှင်းပါ။ အာဆီယံသည် ACWC ကို ပြုပြင်ပြောင်းလဲပြီး သီးခြားလွတ်လပ်စွာ လည်ပတ်နိုင်အောင် လိုအပ်သော လုပ်ပိုင်ခွင့်အာဏာများ ပေးရမည်။ ထိုလုပ်ပိုင်ခွင့်များတွင် အစီရင်ခံစာတင်သွင်းရေးနှင့် တိုင်ကြားရေး ယန္တရားများ တည်ဆောက်ခြင်း၊ လူထုကြားနာပွဲများ ပြုလုပ်ခြင်း၊ SGBV နှင့် CRSV ပြဿနာများ ကိုင်တွယ် ဖြေရှင်းရေးအတွက် အရပ်ဘက် လူမှုအဖွဲ့အစည်းများ (အထူးသဖြင့် အမျိုးသမီးနှင့် ကလေးသူငယ် အဖွဲ့များနှင့် ရှင်သန်လွတ်မြောက်လာသူ အုပ်စုများ) နှင့် ပူးပေါင်းဆောင်ရွက်ရန် ၎င်းတို့နှင့် တရားဝင် ပုံမှန်ထိတွေ့ ဆက်ဆံခြင်း စသည့် လုပ်ပိုင်ခွင့် အာဏာများ ပါဝင်ရမည်။

ထို့ပြင် ကျူးလွန်ခံရသူများနှင့် ရှင်သန်လွတ်မြောက်လာသူများအတွက် အစိုးရအာဏာပိုင် တာဝန်ရှိသူများ အပါအဝင် ကျူးလွန်သူများကို တာဝန်ယူမှု၊ တာဝန်ခံမှု ဖြစ်စေရေး အပါအဝင် တရားမျှတမှုနှင့် ပြန်လည်ကုစားမှု ရှာဖွေရန် သေချာစေရေးအတွက် အာဆီယံမှ ကတိကဝတ် ပြုလာစေရန် အများပြည်သူအသိ အစီရင်ခံစာများ ထုတ်ပြန်တင်ပြခြင်းနှင့် အာဆီယံသို့ အကြံပြုချက်ပေးသည့် လုပ်ငန်းစဉ်များ ပါဝင်ရမည်။

ဤထက်တဆင့်နိမ့်သော မည်သည့်လုပ်ဆောင်ချက်မဆို ဟန်ပြသဘော လုပ်ဆောင်ချက်သာ ဖြစ်လိမ့်မည်။ ဂျန်ဒါအရေး တိုးတက်မှုရှိကြောင်း လူမြင်ကောင်းရုံ အပြလုပ်ကာ တာဝန်ခံမှု ရှောင်လွှဲနိုင်အောင် အကာအကွယ်ယူပြီး ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို အမြစ်တွယ်စေသော လုပ်ရပ်သာ ဖြစ်လိမ့်မည်။

မြန်မာနိုင်ငံမှ အမျိုးသမီးများသည် အာဆီယံကို စောင့်နေသူများ မဟုတ်ပါ

မြန်မာနိုင်ငံမှ အမျိုးသမီးများသည် စစ်အုပ်စု၏ အကြမ်းဖက်မှုများကို တွန်းလှန်ရန် သို့မဟုတ် ရပ်တန့်ရန် သို့မဟုတ် အားလုံးပါဝင်နိုင်မှုနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး တည်ဆောက်ရန် အာဆီယံက အလုပ်လုပ်လာမည့် အချိန်ကို စောင့်နေမည့်သူများ မဟုတ်ချေ။

၎င်းတို့သည် ဆယ်စုနှစ်များစွာ စည်းရုံးတည်ဆောက်မှုများ ပြုလုပ်လာခဲ့ကြပြီး ပဋိပက္ခဒေသနှင့် နေရပ်စွန့်ခွာထွက်ပြေးရာ ဒေသများတွင် အမျိုးသမီးငယ် ခေါင်းဆောင်မှု သင်တန်းကျောင်းများကို တည်ဆောက်လာခဲ့ကြသည်။ မတရားမှုကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများကို ကိုယ်တိုင် ဦးဆောင်နေကြသည်။ စစ်ရာဇဝတ်မှုများ၊ SGBV နှင့် CRSV အမှုကိစ္စများကိုလည်း သုတေသနပြု မှတ်တမ်းတင်နေကြသည်။

၎င်းတို့သည် ဒဏ်ရာရသူများကို ဆေးကုသပေးနေကြပြီး လူမှုအသိုင်းအဝိုင်းများနှင့် ကျေးရွာများကို ကာကွယ်နေကြကာ စစ်တပ်၏ ဗုံးကြဲတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ထွက်ပြေးနေရသော ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများကို ပြုစုပေးနေကြသည်။ ၎င်းတို့သည် ဤအရာများအားလုံးကို အာဆီယံ၏ အကူအညီမပါဘဲ လုပ်ဆောင်နေကြသည်။ အာဆီယံ၏ အရေးယူရန် ပျက်ကွက်မှု၊ လျစ်လျူရှုမှုနှင့် နှုတ်ဆိတ်မှုများကြားမှ ၎င်းတို့က လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။

လက်ရှိ မြန်မာနိုင်ငံအကျပ်အတည်းကို အာဆီယံက ဦးဆောင်ဆောင်ဖြေရှင်းရန် ကြိုးစားလာသောအခါ ထိုသို့သော ပျက်ကွက်မှု၊ လျစ်လျူရှုမှုနှင့် နှုတ်ဆိတ်မှုများကို မြန်မာနိုင်ငံ အမျိုးသမီးများက လက်ခံကြလိမ့်မည် မဟုတ်ပါ။ အာဆီယံသည် ၎င်း၏လုပ်ရပ်များအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရမည်။ ရက်စက်ကြမ်းကြုတ်သော စစ်တပ်ကို တွန်းလှန်နေကြသည့် မိမိတို့ မြန်မာနိုင်ငံမှ အမျိုးသမီးများကို ဖယ်ချန်ထားပါက အာဆီယံ၏ WPS လုပ်ငန်းစီမံချက်နှင့် ကြေညာစာတမ်းများ အားလုံးသည် (လုံးဝ) အဓိပ္ပာယ်မဲ့နေပါလိမ့်မည်။

အာဆီယံသည် ပြစ်မှုကျူးလွန်သူများကို အကာအကွယ်ပေးသည့် လုပ်ရပ်သာ ဆက်လုပ်နေပြီး မိမိတို့၏ အမျိုးသမီးများနှင့် ကလေးသူငယ်များအပေါ် မြန်မာစစ်အုပ်စုက ကျူးလွန်နေသော ရာဇဝတ်မှုများတွင် ကြံရာပါအဖြစ် ဆက်လက်ပါဝင်နေမည်ဆိုပါက စာရွက်ပေါ်တွင်လည်းကောင်း၊ ကြေညာချက်များထဲတွင်လည်းကောင်း ချရေးထားသော အာဆီယံ၏ WPS လုပ်ငန်းစီမံချက်များသည် (လုံးဝ) အဓိပ္ပာယ်မဲ့နေပါလိမ့်မည်။ မြန်မာနိုင်ငံ အမျိုးသမီးများအပေါ် မုဒိမ်းကျင့်ခြင်းကို စစ်လက်နက်သဖွယ် အသုံးပြုနေသည့် မြန်မာစစ်တပ်ကို အမည်တပ် ဝေဖန်ရုံလောက်ပင် မလုပ်နိုင်ပါက အာဆီယံသည် လုံးဝသိက္ခာမဲ့သွားပါလိမ့်မည်။

အာဆီယံ၏ သမိုင်းကို စာရွက်ပေါ်က စကားလုံးလှလှလေးများက အဆုံးအဖြတ်ပေးသွားမည် မဟုတ်ပေ။ ၎င်းတို့ အကာအကွယ်ပေးရန် ပျက်ကွက်ခဲ့သော လူ့အသက်များနှင့်သာ ၎င်း၏သမိုင်းကို အဆုံးအဖြတ် ပေးသွားပါလိမ့်မည်။ ၎င်းတို့ နားထောင်ရန် ပျက်ကွက်ခဲ့သော မြန်မာနိုင်ငံမှ အမျိုးသမီးထုများ၏ အသံများ၊ ၎င်းတို့က အသိအမှတ်ပြုရန် ပျက်ကွက်ခဲ့သော ရာဇဝတ်မှုများနှင့် နောက်ဆက်တွဲ အကျိုးဆက်အဖြစ် ငြိမ်းချမ်းရေး ဖော်ဆောင်ပေးရန် ကူညီပေးရေးအတွက် ၎င်းတို့မှ ပျက်ကွက်ခဲ့မှု စသည်တို့ကသာ အဆုံးအဖြတ် ပေးသွားပါလိမ့်မည်။

ခင်ဥမ္မာ

(ခင်ဥမ္မာသည် မြန်မာ့လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတဦးဖြစ်ပြီး ၁၉၈၈ ခုနှစ် မြန်မာနိုင်ငံ ဒီမိုကရေစီအရေး လူထုအုံကြွမှုတွင် ဦးဆောင်ပါဝင်ခဲ့သူ ဖြစ်သည်။ လူ့အခွင့်အရေးအဖွဲ့အစည်းတခု ဖြစ်သည့် ရှေ့ပြေးအသံအဖွဲ့၏ တည်ထောင်သူနှင့် ဥက္ကဋ္ဌလည်းဖြစ်သည့် ခင်ဥမ္မာသည်   အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) အတွက် အမျိုးသမီး ငြိမ်းချမ်းရေးတည်ဆောက်ရေး အစီအစဉ်ကို ရေးဆွဲခဲ့ပြီး ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၆ ခုနှစ်အထိ အစီအစဉ် ညှိနှိုင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024