
မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်နေတာ ၄ နှစ် ရှိလာပါပြီ။ ဒီစစ်ပွဲက မြန်မာနိုင်ငံရဲ့ ခံနိုင်ရည်ကို စမ်းသပ်နေသလို အာဆီယံအဖွဲ့အတွက်လည်း မြန်မာ့ပဋိပက္ခကို ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ စမ်းသပ်မှုတခုလည်း ဖြစ်နေပါတယ်။
၂၀၂၁ ခုနှစ်မှာ စစ်တပ်ဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံထားရတဲ့ အရပ်သားအစိုးရကို ဖြုတ်ချပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ကို ဖွဲ့စည်းခဲ့ပါတယ်။ မြန်မာစစ်တပ်ကိုတော့ တပ်မတော်လို့ ရည်ညွှန်းခေါ်ဆိုပါတယ်။
တခြားတဖက်မှာလည်း စစ်ကောင်စီကို ဆန့်ကျင်တဲ့ အင်အားစုတွေ စုပေါင်းပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ဖွဲ့စည်းခဲ့ပါတယ်။ NUG ကို တိုင်းရင်းသားနဲ့ ဘာသာရေး အခြေခံတဲ့ လက်နက်ကိုင်အဖွဲ့တွေက ထောက်ခံနေကြပါတယ်။ ဒါကြောင့် ဒီပဋိပက္ခဟာ ၄ နှစ်ကျော်ကြာအောင် ဆက်လက်ဖြစ်ပွားနေပါတယ်။
၂၀၂၅ ခုနှစ် မတ်လအတွင်း မြန်မာနိုင်ငံမှာ ပြင်းထန်တဲ့ ငလျင်လှုပ်ခတ်ခဲ့ပါတယ်။ ဒီငလျင်ကြောင့် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းကြီး ဖြစ်ပေါ်လာခဲ့ပါတယ်။ ဒါကြောင့် ပဋိပက္ခမှာ ပါဝင်နေတဲ့ နှစ်ဖက်စလုံးက တိုက်ပွဲတွေ ခဏရပ်ဖို့ လိုအပ်ကြောင်း လက်ခံခဲ့ကြပါတယ်။ ဒီ အပစ်အခတ်ရပ်စဲမှုဟာ နိုင်ငံတကာအသိုက်အဝန်း၊ အထူးသဖြင့် အာဆီယံအဖွဲ့က အကြိမ်ကြိမ် ကြိုးစားခဲ့ပြီးမှ ဖြစ်ပေါ်လာခဲ့တာပါ။
၂၀၂၁ ခုနှစ်မှာ အာဆီယံအဖွဲ့ဟာ ဘုံသဘောတူညီချက် ၅ ချက် ထုတ်ပြန်ပြီး စစ်အာဏာသိမ်းမှု အပေါ် လျင်လျင်မြန်မြန်နဲ့ တုံ့ပြန်ခဲ့ပါတယ်။ အပစ်အခတ်ရပ်စဲရေးနဲ့ ဆွေးနွေးပွဲတွေ ဖြစ်မြောက်အောင် ကူညီပြီး ပုံမှန်အခြေအနေကို ပြန်ရောက်ဖို့ မျှော်မှန်းချက်နဲ့ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဝမ်းနည်းစရာကောင်းတာကတော့ အာဆီယံရဲ့ ရည်မှန်းချက်တွေ မပြည့်ဝခဲ့ပါဘူး။ ဒီသဘောတူညီချက်ကို သင်္ကေတသဘော (အပေါ်ယံဟန်ပြ) သက်သက်အဖြစ်သာ ရှုမြင်ခံခဲ့ရပါတယ်။ ဒီအခြေအနေက အာဆီယံရဲ့ ဒေသတွင်း ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်စွမ်းအပေါ် ယုံကြည်မှု လျော့နည်းလာစေခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ အခုဖြစ်နေတဲ့ အပစ်အခတ်ရပ်စဲမှုဟာ သံတမန်ရေး ညှိနှိုင်းမှုကြောင့် မဟုတ်ဘဲ အခြေအနေ၊ အချိန်အခါကြောင့်လို့ပြောရင် ပိုနီးစပ်ပါလိမ့်မယ်။ ဒါပေမဲ့ ဒါဟာ အာဆီယံအဖွဲ့အတွက် အခွင့်အရေးတခုလည်း ဖြစ်ပါတယ်။ အာဆီယံဟာ သူတို့ရဲ့ ချဉ်းကပ်ပုံကို ပြန်လည်ပြင်ဆင်နိုင်ပါတယ်။ ဒီအခွင့်အရေးကို အသုံးချပြီး အာဆီယံဟာ သူတို့ရဲ့ ဘုံသဘောတူညီချက် (FPC) ကို ပြန်လည်အသက်သွင်းသင့်ပါတယ်။ ဒီလိုလုပ်ဖို့အတွက် လက်တွေ့ကျတဲ့ နည်းလမ်းတွေတော့ လိုအပ်ပါတယ်။ တကယ့်အလုပ်ဖြစ်နိုင်တဲ့ နည်းလမ်းတွေ၊ ပိုမိုကျယ်ပြန့်တဲ့ နိုင်ငံတကာပူးပေါင်းပါဝင်မှု၊ နောက်ပြီး မြန်မာနိုင်ငံအတွင်းက ကွဲပြားမှုတွေကို ပိုမိုရှင်းလင်းစွာ နားလည်ထားဖို့ စတဲ့အချက်တွေ လိုအပ်ပါတယ်။ ဒါတွေကို နားလည်မှသာ ပိုပြီးစုစည်းညီညွတ်တဲ့ တုံ့ပြန်မှုတွေကို ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။
အာဆီယံဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့အကျပ်အတည်းကို လျင်မြန်စွာ တုံ့ပြန်ခဲ့ပါတယ်။ အာဏာသိမ်းပြီး နှစ်လခွဲအတွင်းမှာပဲ ဘုံသဘောတူညီချက် ၅ ချက်ကို ထုတ်ပြန်နိုင်ခဲ့ပါတယ်။ လက်တွေ့မှာ စည်းနှောင်မှုမရှိတဲ့ ဒီသဘောတူညီချက်ထဲမှာ မြန်မာနိုင်ငံမှာ ပုံမှန်အခြေအနေကို ပြန်ရောက်ဖို့အတွက် အကြမ်းဖက်မှု ရပ်တန့်ရေး၊ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတွေ ပြုလုပ်ရေး၊ အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ် ခန့်အပ်ရေး၊ လူသားချင်းစာနာမှု အကူအညီပေးရေးနဲ့ အထူးကိုယ်စားလှယ်က သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံရေး စတဲ့ အချက် ၅ ချက်ကို ချမှတ်ခဲ့ပါတယ်။
ဒါပေမဲ့ ဘုံသဘောတူညီချက် ၅ ချက်ဟာ အာဆီယံ မျှော်မှန်းခဲ့တဲ့ ငြိမ်းချမ်းရေးလမ်းပြမြေပုံ ဖြစ်မလာခဲ့ပါဘူး။ စစ်ကောင်စီဟာ ဘုံသဘောတူညီချက်တွေကို လျစ်လျူရှုခဲ့ပြီး ဒီမိုကရေစီ အင်အားစုတွေနဲ့ ဆွေးနွေးပွဲတံခါးကိုလည်း ပိတ်ထားခဲ့ပါတယ်။ ဒီသဘောတူညီချက်တွေထဲမှာ အကောင်အထည်ဖော်မှုယန္တရား မရှိခဲ့တာရယ်၊ အထူးကိုယ်စားလှယ်တွေရဲ့ လုပ်ပိုင်ခွင့် အကန့်အသတ် ရှိတာရယ်ကြောင့် ထိရောက်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ဖြစ်မလာခဲ့ပါဘူး။ အာဆီယံဥက္ကဋ္ဌ အပြောင်းအလဲလုပ်တိုင်း အထူးကိုယ်စားလှယ်အသစ်တွေ ခန့်အပ်တာဟာ အရင်ရရှိခဲ့တဲ့ တိုးတက်မှုတွေကို အစကနေ ပြန်စလိုက်သလို ဖြစ်စေခဲ့ပါတယ်။ ဒါ့အပြင် အာဆီယံအဖွဲ့ဝင်အချို့က စစ်ကောင်စီနဲ့ ဆက်ဆံရေးတွေ စတင်လာတာကြောင့် ဘုံသဘောတူညီချက်ရဲ့ တရားဝင်မှုကို ပိုမိုယုတ်လျော့စေခဲ့ပါတယ်။ ဒါကြောင့် ဘုံသဘောတူညီချက်တွေဟာ သင်္ကေတသက်သက် (ဟန်ပြသက်သက်) ဖြစ်သွားခဲ့ပါတယ်။ ဒီဘုံသဘောတူညီတွေဆိုတာ လုံးဝစွန့်ပစ်ရမယ့်အရာ မဟုတ်ပေမဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ဖို့တော့ အထူးလိုအပ်နေပါတယ်။
အပစ်အခတ်ရပ်စဲရေးနဲ့ အခွင့်အရေးအသစ်
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးကတည်းက ပြည်တွင်းစစ်ဟာ အပြင်းအထန် တောက်လျှောက် ဖြစ်ပွားနေတာပါ။ မတ်လက လှုပ်ခဲ့တဲ့ ငလျင်မတိုင်ခင်အထိ ရပ်နားခဲ့ခြင်း မရှိပါဘူး။ ဒီသဘာဝဘေးကြောင့်သာ နှစ်ဖက်စလုံးကို တိုက်ပွဲတွေ ခဏရပ်ခဲ့ကြတာပါ။ ဒါ့အပြင် ငြိမ်းချမ်းရေး တိုးတက်မှုမရှိလို့ စိတ်ပျက်နေခဲ့တဲ့ နိုင်ငံတကာအသိုက်အဝန်းပါ မြန်မာပြည်သူတွေရဲ့ ဒုက္ခတွေကို ပြန်လည်အာရုံစိုက်လာစေခဲ့ပါတယ်။ နိုင်ငံအနှံ့ လူသားချင်းစာနာမှု အကူအညီတွေ ဖြန့်ဖြူးနေချိန်မှာ နှစ်ဖက်စလုံးကို တိုက်ပွဲတွေ ခေတ္တရပ်ဖို့ ဖိအားပေးခဲ့ကြပါတယ်။
ဒီအခြေအနေမှာ လက်ရှိ အာဆီယံဥက္ကဋ္ဌ မလေးရှားက ခြေလှမ်းသစ်တခု စတင်ခဲ့ပါတယ်။ SAC (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ) နဲ့ NUG (အမျိုးသားညီညွတ်ရေးအစိုးရ) နှစ်ဖက်စလုံးနဲ့ ဆွေးနွေးမှုတွေ စလုပ်ခဲ့ပါတယ်။ ဒါဟာ ခေတ္တအပစ်အခတ်ရပ်စဲဖို့တင်မကဘဲ ပိုမိုခိုင်မာတဲ့ ရေရှည်ငြိမ်းချမ်းရေးအတွက်လည်း ဖြစ်ပါတယ်။ ၄ နှစ်ကြာ တိုက်ပွဲတွေ ဖြစ်ပြီးနောက် နှစ်ဖက်စလုံးက သံတမန်ရေးကို အခွင့်အရေးပေးဖို့ ဆန္ဒရှိပုံရပါတယ်။
အခု တိုက်ပွဲတွေ ခဏရပ်တာက အာဆီယံရဲ့ သံတမန်ရေးကြောင့် မဟုတ်ပေမဲ့ အာဆီယံအတွက် ငြိမ်းချမ်းရေးထိန်းသိမ်းတဲ့ အခန်းကဏ္ဍကို ထိရောက်စွာ ပြန်လည်လုပ်ကိုင်လာဖို့ အခွင့်အရေးကောင်းတခုကို ပေးနေပါတယ်။ အာဆီယံရဲ့ အရေးပါမှု၊ တရားဝင်မှုနဲ့ အနာဂတ်တို့ဟာ ဒီအခွင့်အရေးကို ဘယ်လောက် ထိထိရောက်ရောက် အသုံးချနိုင်မလဲ ဆိုတဲ့အပေါ် မူတည်နေပါတယ်။ ငြိမ်းချမ်းရေးကို သူ့အလိုလို ဖြစ်ထွန်းလာအောင် စောင့်နေတာထက် လက်ရှိ အခွင့်အရေးကို အသုံးချပြီး ငြိမ်းချမ်းရေးလုပ်ငန်း တိုးတက်ဖို့ လိုအပ်ပါတယ်။
အာဆီယံအခန်းကဏ္ဍ ပြန်လည်အသက်သွင်းဖို့ သဘောတူညီချက် ၃-ချက် အစီအစဉ်
အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို ပိုမိုတရားဝင်မှု ရရှိစေဖို့အတွက် အာဆီယံဟာ အောက်ပါအချက်တွေကို ပြောင်းလဲသင့်ပါတယ်။
၁။ အထူးကိုယ်စားလှယ် ခန့်အပ်ရွေးချယ်ပုံကို ပြင်ဆင်ရပါမယ်။ အာဆီယံဥက္ကဋ္ဌ ပြောင်းတိုင်း အထူးကိုယ်စားလှယ် လိုက်ပြောင်းနေမယ့်အစား အဖွဲ့ဝင်နိုင်ငံတွေရဲ့ သဘောတူညီမှုနဲ့ ၃ နှစ်ကနေ ၅ နှစ်အထိ သက်တမ်းသတ်မှတ် ခန့်အပ်သင့်ပါတယ်။ ဒါမှ အထူးကိုယ်စားလှယ်ဟာ ရရှိနေတဲ့ အရှိန်အဟုန်ကို ဆက်ထိန်းနိုင်ပြီး နှစ်တိုင်း အစကနေ ပြန်စ စရာ မလိုတော့မှာပါ။ ဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ဆိုရင် တာဝန်တခုတည်းသာရှိတဲ့ လက်တွေ့ကျတဲ့ အထူးကိုယ်စားလှယ်တဦးကို စဉ်းစားသင့်ပါတယ်။
တခြားအလုပ်တွေနဲ့ မအားလပ်တဲ့ နိုင်ငံခြားရေးဝန်ကြီးအစား အာဆီယံအဖွဲ့ဝင် ၉ နိုင်ငံထဲက ကျွမ်းကျင်တဲ့ အငြိမ်းစား သံတမန်အကြီးအကဲတဦးကို ရွေးချယ်သင့်ပါတယ်။ အထူးကိုယ်စားလှယ်ကို မြန်မာနိုင်ငံ ပုံမှန်အခြေအနေပြန်ဖြစ်အောင် ဆောင်ရွက်နိုင်ဖို့ ရှင်းလင်းတဲ့ လုပ်ပိုင်ခွင့်ကိုလည်း ပေးရပါမယ်။ နှစ်ဖက်စကားနားထောင်ပြီး ဆွေးနွေးခိုင်းရုံသက်သက် မဟုတ်ရပါဘူး။
၂။ အာဆီယံအနေနဲ့ အထူးကိုယ်စားလှယ်ကို ထောက်ခံဖို့ ရှင်းလင်းတဲ့ နည်းဗျူဟာတွေနဲ့ လက်တွေ့ကျတဲ့ မဟာဗျူဟာတွေ လိုအပ်ပါတယ်။ လက်ရှိ ဘုံသဘောတူညီချက်ကို ပြည့်စုံတဲ့ အစီအစဉ်တွေနဲ့ ပြန်လည်တည်ဆောက်ရပါမယ်။ ရှင်းလင်းတဲ့ လုပ်ပိုင်ခွင့်နဲ့ လမ်းပြမြေပုံလည်း ထည့်သွင်းရပါမယ်။ ဒါမှ မြန်မာနိုင်ငံမှာ ဆွေးနွေးပွဲတွေ အောင်မြင်စေဖို့၊ လုပ်ငန်းစဉ်တွေ မှန်ကန်စွာ လုပ်ဆောင်နိုင်ဖို့နဲ့ ရည်မှန်းချက်တွေ အကောင်အထည်ဖော်ပြီး စောင့်ကြည့်နိုင်ဖို့ သေချာပါလိမ့်မယ်။
၃။ အထူးကိုယ်စားလှယ်ကို အဖွဲ့ဝင်နိုင်ငံတွေရဲ့ သဘောတူညီမှုနဲ့ ရွေးချယ်ပြီး ရှင်းလင်းတဲ့ လုပ်ပိုင်ခွင့် ပေးပြီးတာနဲ့ အာဆီယံဟာ နိုင်ငံတကာ မိတ်ဖက်တွေနဲ့ ပူးပေါင်းသင့်ပါတယ်။ ဒါမှ မြန်မာ့ငြိမ်းချမ်းရေးအတွက် အာဆီယံရဲ့ ကြိုးပမ်းမှုတွေ ပိုပြီး တရားဝင်လာပါလိမ့်မယ်။ ဒါကို “မြန်မာ့မိတ်ဆွေများ” အဖွဲ့ကို တိုးချဲ့ပြီး လုပ်ဆောင်နိုင်ပါတယ်။ အရင်က ကမ္ဘောဒီးယားရဲ့ ပြည်တွင်းပဋိပက္ခကို ကူညီခဲ့တဲ့ အာဆီယံ Troika ပုံစံမျိုးနဲ့ ဆင်တူပါတယ်။ အထူးကိုယ်စားလှယ်ဟာ တပ်မတော်နဲ့သာမက NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ (EAOs) လိုမျိုး မြေပြင်ပေါ်က အဓိကအဖွဲ့အစည်းတွေနဲ့ပါ ထိတွေ့ဆက်ဆံရပါမယ်။ ဒါ့အပြင် တရုတ်၊ ရုရှား၊ အိန္ဒိယ၊ အမေရိကန်နဲ့ ဥရောပသမဂ္ဂ လိုမျိုး စစ်အစိုးရအပေါ် သြဇာလွှမ်းမိုးနိုင်တဲ့ ပြင်ပနိုင်ငံတွေနဲ့လည်း ထိတွေ့ဆက်ဆံသင့်ပါတယ်။
ဒါပေမဲ့ အထူးကိုယ်စားလှယ် ခန့်အပ်တာနဲ့ နိုင်ငံတကာ ထောက်ခံမှုတွေ ရယူတာဟာ အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့ လုံလောက်မှာ မဟုတ်ပါဘူး။ အာဆီယံဟာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ကို ပိုမိုတင်းမာပြတ်သားတဲ့ သတိပေးချက် ပေးပို့ဖို့ လိုအပ်ပါတယ်။ စစ်ကောင်စီဟာ အာဆီယံကို သဘောရိုးနဲ့ မပူးပေါင်းဘူးဆိုရင် ကမ္ဘာ့စင်မြင့်မှာ ဝေဖန်ခံရလိမ့်မယ် ဆိုတဲ့ သတိပေးစာတစောင် ပေးပို့ရပါမယ်။ အာဆီယံဟာ ကုလသမဂ္ဂ အထွေထွေညီလာခံနဲ့ လုံခြုံရေးကောင်စီလို ပလက်ဖောင်းတွေကို အသုံးပြုပြီး စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ အဖျက်အမှောင့် လုပ်ဆောင်ချက်တွေကို ကမ္ဘာက အာရုံစိုက်လာအောင် လုပ်ဆောင်နိုင်ပါတယ်။ ဒါမှ စစ်အစိုးရကို ပိုမိုဖယ်ကြဉ်နိုင်ပါလိမ့်မယ်။ ဒီသတိပေးစာ ပိုထိရောက်ဖို့ဆိုရင် ပြင်ပနိုင်ငံတွေက ခန့်အပ်ထားတဲ့ အထူးကိုယ်စားလှယ်တွေကြားမှာ တသံတည်းသော သတင်းစကားကို ထွက်လာဖို့ လိုအပ်ပါတယ်။ “မြန်မာ့မိတ်ဆွေများ” အဖွဲ့မှာလည်း ခန့်အပ်ထားတဲ့ အထူးကိုယ်စားလှယ်တွေ ရှိတာကြောင့် အဆိုပါအဖွဲ့ရဲ့ ထောက်ခံမှုကလည်း အရမ်းအရေးကြီးပါတယ်။
ကုလသမဂ္ဂမှာ နိုင်ငံတကာရဲ့ ရှုတ်ချမှုတွေ ရှိတာတောင် တိုးတက်မှု မရှိသေးဘူးဆိုရင် မြန်မာနိုင်ငံကို ဒေသတွင်း အဖွဲ့အစည်းကနေ အဖွဲ့ဝင်အဖြစ် ရပ်ဆိုင်းဖို့ အာဆီယံက အသင့်လုပ်ဆောင်ထားရပါမယ်။ ၁၉၉၇ ခုနှစ်တုန်းက ကမ္ဘောဒီးယားနိုင်ငံ အဖွဲ့ဝင်ဖြစ်ဖို့ ကြိုးစားတုန်းကလည်း ပြည်တွင်းနိုင်ငံရေး ပဋိပက္ခကို အရင်ဖြေရှင်းခိုင်းခဲ့ဖူးပါတယ်။
ဒီနည်းလမ်းဟာ အဲဒီတုန်းက ထိရောက်ခဲ့သလို အခုလည်း အလုပ်ဖြစ်နိုင်ခြေ ရှိပါတယ်။ အခုလို လုပ်ဆောင်ပြလိုက်ခြင်းအားဖြင့် အာဆီယံဟာ ငြိမ်းချမ်းရေးကို မလိုလားတဲ့ အာဏာရှင်တွေကို ထောက်ခံအားပေးမှာ မဟုတ်ဘူးဆိုတဲ့ သတင်းစကားကို ဒေသတွင်းနဲ့ ကမ္ဘာကို လက်တွေ့ပြသရာ ရောက်သွားမှာ ဖြစ်ပါတယ်။
ဒါက အန္တရာယ်ရှိနိုင်တယ် ဆိုရင်တောင် ငြိမ်းချမ်းရေးဖော်ဆောင်သူတဦးအဖြစ် အာဆီယံကို လက်ခံ ယုံကြည်စေချင်တယ်ဆိုရင် မဖြစ်မနေ လုပ်ဆောင်ရမယ့်အရာ ဖြစ်ပါတယ်။ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေရဲ့ သဘောတူညီမှုနဲ့ နိုင်ငံတကာထောက်ခံမှု ရထားတဲ့ အထူးကိုယ်စားလှယ် တဦးကို လုပ်ပိုင်ခွင့်ပေးခြင်း၊ ထိရောက်တဲ့ သတိပေးစာ ထုတ်ပြန်ခြင်း၊ ငြိမ်းချမ်းရေးကို ပိတ်ဆို့သူတွေကို ဖိအားပေးဖို့ နည်းလမ်းတွေ ရှာဖွေခြင်းတို့ဟာ ပြန်လည်ပြင်ဆင်ထားတဲ့ ဘုံသဘောတူညီချက်ရဲ့ အဓိက အစိတ်အပိုင်းများ ဖြစ်ပါတယ်။
အဖွဲ့အစည်းအတွင်း ပဋိပက္ခနှင့် ငြိမ်းချမ်းရေး ပိတ်ဆို့မှုများ
အာဆီယံအနေနဲ့ ဘုံသဘောတူညီချက် ၅ ချက် (FPC) ကို ပြန်လည်အသက်သွင်းဖို့ အရေးတကြီး လိုအပ်ပါတယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေးကို အဟန့်အတားဖြစ်စေတဲ့ အဖွဲ့အစည်းအတွင်းက ကွဲလွဲမှုတွေကို အသိအမှတ်ပြုမှသာ အလုပ်ဖြစ်မှာပါ။ အာဆီယံအဖွဲ့ဝင်အချို့ဟာ စစ်အာဏာသိမ်းချိန်ကတည်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) နဲ့ ဆက်ဆံနေခဲ့ကြလို့ပါပဲ။
သူတို့ဟာ စစ်တပ်နဲ့ ဒီမိုကရေစီကြား ပဋိပက္ခကို ပြတ်ပြတ်သားသား မမြင်ကြပါဘူး။ အာဆီယံ အဖွဲ့ဝင်အချို့ရဲ့ နိုင်ငံရေးစနစ်တွေကိုယ်၌က စစ်တပ်လွှမ်းမိုးမှု အများကြီးရှိတယ်ဆိုတာ တော်တော်များများ သိကြပါတယ်။ အာဆီယံဟာ သူ့ရဲ့ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ရာမှာ စည်းလုံးမှု မရှိဘူးဆိုရင် အောင်မြင်မှာ မဟုတ်ပါဘူး။ အာဆီယံအဖွဲ့တွင်း စည်းလုံးညီညွတ်မှုဟာ ပြင်ပယုံကြည်ကိုးစားမှုရဲ့ အခြေခံပါပဲ။ အာဆီယံဟာ သင်္ကေတအဆင့် (ဟန်ပြသက်သက်) ကနေ စစ်မှန်တဲ့ သံတမန်ရေးကို တက်လှမ်းနိုင်ဖို့အတွက် သူ့ရဲ့ အဖွဲ့အစည်းတွင်းက ကွဲလွဲမှုတွေကို ဖြေရှင်းရပါလိမ့်မယ်။
အလုပ်မဖြစ်ရေးမှ မဟာဗျူဟာသို့
စစ်ကောင်စီရဲ့ အဓိပ္ပာယ်မရှိတဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့အတွက် စစ်တပ်နဲ့ ထိတွေ့ဆက်ဆံရာမှာ အာဆီယံအနေနဲ့ မူဝါဒခိုင်မာပြီး ညီညွတ်မှုရှိရပါမယ်။ ပြီးတော့ ပြည်တွင်းမှာရှိတဲ့ သက်ဆိုင်သူအားလုံးနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နိုင်ရပါမယ်။ မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ အပစ်အခတ်ရပ်စဲမှုဟာ အခြေအနေအရ ဖြစ်ပေါ်လာတာပါ။ ဒါပေမဲ့ ဒါဟာ အာဆီယံအတွက် အခွင့်အာဏာနဲ့ ဆောင်ရွက်ဖို့ ရှားပါးတဲ့ အခွင့်အရေးတခု ဖြစ်ပါတယ်။ ဘုံသဘောတူညီချက် ၅ ချက် (FPC) ကို ပိုမိုအကောင်အထည်ဖော်နိုင်တဲ့၊ နိုင်ငံတကာ မိတ်ဖက်တွေ ပါဝင်တဲ့ ဘက်ပေါင်းစုံ မဟာဗျူဟာတခုအဖြစ် ပြောင်းလဲရပါမယ်။ အထူးကိုယ်စားလှယ်အနေနဲ့လည်း အဆိုပါ မဟာဗျူဟာကို ပြန်လည်သုံးသပ်ဖို့ လိုအပ်ပါတယ်။ ကျနော်တင်ပြခဲ့တဲ့ သဘောတူညီချက် ၃ ချက် အစီအစဉ်ဟာ မြန်မာနိုင်ငံကို ပုံမှန်အခြေအနေ ပြန်ရောက်ဖို့ လုပ်ဆောင်ရာမှာ အာဆီယံရဲ့ ဦးဆောင်မှု ပြန်ယူနိုင်ဖို့ လက်တွေ့ကျတဲ့ လမ်းပြမြေပုံ တခု ဖြစ်ပါတယ်။ အာဆီယံအနေနဲ့ ငြိမ်းချမ်းရေးကို သူ့အလိုလို ပေါ်ပေါက်လာတဲ့အထိ စောင့်နေလို့ မရပါဘူး။ ငြိမ်းချမ်းရေးကို တက်တက်ကြွကြွ ပုံဖော်တည်ဆောက်ချင်စိတ်ရှိဖို့ လိုပါတယ်။ ဒါမှသာ ဒေသတွင်းအဖွဲ့ အာဆီယံကို ပြန်လည်ယုံကြည်လာကြမှာ ဖြစ်ပါတယ်။
ပိုဆိုသီရက်ခ်နှင့် ပေးဆွန်ဟန့်တ်
Ref: Bangkok Post
ရေးသားသူများ
Pou Sothirak သည် ဂျပန်နိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားသံအမတ်ကြီးဟောင်းဖြစ်သလို ကမ္ဘောဒီးယားဒေသတွင်း လေ့လာရေးဗဟို (CCRS) ၏ ဂုဏ်ထူးဆောင် အကြီးတန်းအကြံပေးပုဂ္ဂိုလ်လည်း ဖြစ်ပါသည်။
Peyson Hunt သည် ကမ္ဘောဒီးယား ဒေသတွင်း လေ့လာရေးဗဟို (CCRS) ၏အကြီးတန်း ဧည့် သုတေသီ ဖြစ်ပါသည်။