Home
မြန်မာသတင်း
ငါးမည်ရပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးခဲ့သည့် အမျိုးသမီး ၂ ဦးထဲက ၁ ဦး ပြန်လွတ်
lusane
·
May 14, 2025
Shield Women Organization1_14052025

ငါးမည်ရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတဲ့ အမျိုးသမီး ၂ ယောက်ထဲက တယောက်ဟာ မေ ၈ ရက်နေ့မှာ ပြန်လည်လွတ်မြောက်လာခဲ့တယ်လို့ Shield Women Organization က ထုတ်ပြန်လိုက်ပါတယ်။

ငါးမည်ရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ မိတ္တီလာခရိုင်၊ အမှတ် (၁၈၄၉) ဒရုန်းတပ်ရင်းက တပ်ဖွဲ့ဝင် အမျိုးသားရဲဘော် ၃ ယောက်နဲ့ အဲဒီရဲဘော်တွေရဲ့ မိသားစုဝင် အမျိုးသမီး ၂ ယောက်ကို ဧပြီလ ၁၉ ရက် ည ၉ နာရီလောက်မှာ  စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တိုက်နယ် (၅) ၊ တက်တူ ကျေးရွာ နေအိမ်ကနေ ဖမ်းဆီးသွားခဲ့တာပါ။

စစ်ကောင်စီတပ်သားတွေ အလင်းဝင်ရောက်မယ်ဆိုပြီး တက်တူကျေးရွာ အုပ်ချုပ်ရေးမှူးကို ငွေကြေးလိမ်လည်တောင်းခံတဲ့ ကိစ္စမှာ ပါဝင်ပတ်သက်နေတယ်ဆိုပြီး ငွေကြေးလိမ်လည်သူရဲ့ ထွက်ဆိုချက်အရ အခုလိုဖမ်းဆီးရတာလို့ ငါးမည်ရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ပြောပါတယ်။

ဖမ်းဆီးလာခဲ့တဲ့ တပ်ဖွဲ့ဝင် အမျိုးသား ၃ ယောက်ကိုတော့ ဧပြီ ၂၀ ရက်နေ့က မိခင်တပ်ရင်းဆီ ပြန်လည်လွှဲပြောင်းပေးခဲ့ပြီး မေ ၈ ရက်နေ့မှာတော့ တပ်ဖွဲ့ဝင်တယောက်ရဲ့ ဇနီးဖြစ်သူကို အမှုနဲ့ မသက်ဆိုင်ဘူးဆိုကာ လွှတ်ပေးခဲ့တာလို့ Shield Women Organization က ဆိုပါတယ်။

ဖမ်းဆီးချိန်မှာ သိမ်းယူခဲ့တဲ့ မြန်မာငွေကျပ် နှစ်သန်းလေးသောင်းရှစ်ထောင်ကျပ်၊ လက်ကိုင်ဖုန်းနဲ့ ရွှေချိန် ၂ ကျပ်၊ ၃ ပဲ၊ ၄ ရွေးရှိတဲ့ ရွှေထည်တွေကို လွှတ်ပေးတဲ့အချိန်မှာ ပြန်လည်ပေးအပ်ခဲ့တယ်လို့လည်း သိရပါတယ်။

ဖမ်းဆီးခံရတဲ့အထဲ ကျန်ရှိနေတဲ့ အမျိုးသမီးတယောက်ကတော့ တပ်ဖွဲ့ဝင်တယောက်ရဲ့ မိခင်ဖြစ်ပြီး ဒီမိခင်ဖြစ်သူကတော့ ဆက်လက်ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

လွတ်မြောက်လာဖို့ ကျန်ရှိနေတဲ့ အမျိုးသမီးဟာ အသက်အရွယ်ကြီးရင့်သူ ဖြစ်တဲ့အတွက် မိသားစုဝင်တွေအနေနဲ့ မိခင်ရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အထူးစိုးရိမ် ပူပန်တယ်လို့လည်း Shield Women Organization က ဆိုပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ မိခင်ဖြစ်သူ အမျိုးသမီးကို မိသားစုဝင် ဒါမှမဟုတ် သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ အမြန်ဆုံး တွေ့ဆုံခွင့်ပေးဖို့နဲ့ ဖမ်းဆီးခံခဲ့ရတဲ့ အမျိုးသမီး ၂ ယောက်လုံးနဲ့ ပတ်သက်တဲ့ အမှုကို လူသားချင်းစာ‌နာ‌ထောက်ထားမှု၊ လူ့အခွင့်အ‌ရေး၊ အမျိုးသမီး အခွင့်အရေး ရပိုင်မှုတွေနဲ့အညီ ပွင့်လင်းမြင်သာတဲ့ တရားစီရင်‌ရေးစနစ်နဲ့ အမြန်ဆုံး စီရင်ဆောင်ရွက်ပေးဖို့ကို Shield Women Organization က ထုတ်ပြန်ချက်ကနေ တိုက်တွန်းတောင်းဆိုခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013