Home
မြန်မာသတင်း
လေးမျက်နှာတွင် စစ်တပ်က အမျိုးသား ၃ ဦးကို PDF ထောက်ပံ့သည်ဟု စွပ်စွဲဖမ်းဆီး
DVB
·
June 9, 2025
Photo: BB

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်မှာ တော်လှန်ရေးတပ် PDF တွေကို ထောက်ပံ့ပေးနေတယ်လို့ စွပ်စွဲပြီး အရပ်သား ၃ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အရပ်သား အမျိုးသား ၃ ယောက်ကို ဇွန် ၇ ရက်မှာ စစ်ကောင်စီတပ်က အင်အား ၂၀ လောက်နဲ့ လာဖမ်းဆီးခဲ့ပြီး လက်ရှိမှာ ဟင်္သာတ စစ်ကြောရေးကို ခေါ်ဆောင်သွားတာလို့ ဒေသခံတွေက ဆိုပါတယ်။

လေးမျက်နှာမြို့ခံတယောက်က “အဖမ်းခံရသူတွေက လေးမျက်နှာမြို့နယ် ဘဲပြားရွာနဲ့ ကျောက်စရစ်ကုန်း နေကြတဲ့သူတွေချည်းပဲ။ အသက် ၂၀ ကျော်အရွယ် ကိုဝင်းသူ တယောက် အပါအဝင် ၃ ယောက် အဖမ်းခံရတာလို့ သိရတယ်။ ကျန် ၂ ယောက်ကလည်း အသက် ၁၉ နဲ့ ၂၀ လောက် အရွယ်တွေပဲ။ သက်သက် စွပ်စွဲအဖမ်းခံရတာ။ အေးအေးဆေးဆေးနေတဲ့ လူငယ်တွေပါ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “ဒီနေ့အထိတော့ ဟင်္သာတ စစ်ကြောရေးကို ခေါ်သွားတယ်လို့ သိရတယ်။ အဖမ်းခံရတာက လူငယ်အမျိုးသားတွေချည်းပါပဲ။ အမှုဖွင့်တယ် ဘာညာ မကြားမိသေးပါဘူး။ မြို့ပေါ် မှာလည်း ဒီရက်ထဲ အစစ်ဆေးကြမ်းနေတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က ၃ ယောက်လုံးကို ရိုက်နှက် လက်ပြန်ကြိုးတုပ် ဖမ်းသွားတာကို ဒေသခံတွေက တွေ့ရပြီး မိသားစုတွေက လေးမျက်နှာ ရဲစခန်းမှာ သွားစုံစမ်းပေမဲ့ မရတာကြောင့် စိုးရိမ် စိတ်ပူနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က အခုရက်ပိုင်းအတွင်း လေးမျက်နှာ-ဟင်္သာတ ရခိုင်ရိုးမ ထိစပ်နေတဲ့ တောအုပ်တွေထဲမှာ တော်လှန်ရေးတပ် PDF တွေ ရောက်နေတယ်ဆိုပြီး စစ်ကြောင်းထိုး ရှာဖွေနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013