Home
မြန်မာသတင်း
ဂန့်ဂေါမြို့နယ်၌ ကိုယ်ဝန်ဆောင် အပါအဝင် ၁၀ ဦးကို လူသားဒိုင်းအဖြစ် စစ်တပ်က ဖမ်းဆီး
DVB
·
June 9, 2025

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ထဲက ကျေးရွာတရွာကို ဇွန် ၈ ရက် မနက်စောပိုင်းမှာ စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်စီးနင်းပြီး ကိုယ်ဝန်ဆောင်သည် အပါအဝင် ပြည်သူတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံအဖွဲ့အစည်းတွေဆီကနေ သိရပါတယ်။

ယောအလင်းတန်းအဖွဲ့မှ ကိုမင်းဒဿက “ဂန့်ဂေါ ခလရ ၅၀ စစ်ကြောင်းက မနက်စော ၂ နာရီလောက်မှာ ဂန့်ဂေါမြို့အနောက်ဘက်နားမှာရှိတဲ့ မန်ကျည်းခင်ရွာကို ဝင်စီးပြီး ကိုယ်ဝန်ဆောင်သည် တယောက်အပါအဝင် ရွာခံ ၁၀ ယောက်ထက်မနည်းကို လူသားဒိုင်းအဖြစ် ဓားစာခံလုပ်ပြီး ဖမ်းခေါ်သွားတယ်”လို့ ပြောပါတယ်။

စစ်ကောင်စီ ထောက်ခံသူတွေကတော့ မန်ကျည်းခင်ကျေးရွာမှာရှိတဲ့ PDF စခန်းကို ဝင်ရောက်စီးနင်းချိန်မှာ PDF တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးရမိတာမရှိတဲ့အတွက် အရပ်သား ပြည်သူတွေကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်လာတာလို့ ရေးသားဖော်ပြနေကြပါတယ်။

ဂန့်ဂေါ ပအဖ တာဝန်ခံ ကိုဖိုးလှက“အဲဒီစစ်ကြောင်းက စစ်သားနဲ့ ပျူ ၇၀ လောက်ပါပြီးတော့ ခလရ ၅၀ က ဗျူဟာမှူး လှမျိုးထွဋ် ဦးဆောင်တယ်လို့ သိရတယ်။ သူတို့ဘက်က (-) တွေ ဝါဒဖြန့်နေသလို အဲဒီ မန်ကျည်းခင်ရွာမှာ ဘာ PDF စခန်းမှ မရှိဘူး။ PDF ရဲဘော်တွေလည်း အဲဒီရွာထဲမှာ စခန်းချနေတာ မရှိဘူး။ တခြားရွာတွေကို စစ်ကြောင်းထိုးဖို့ ပြည်သူတွေကို ဓားစာခံလုပ်ပြီး ဖမ်းသွားတာပါ။ အဖမ်းခံရတဲ့သူတွေ ပြန်လွတ်လာတယ်လို့တော့ အခုထိ မကြားမိသေးဘူး။ အဲဒီရွာက ရွာခံတွေလည်း ထွက်ပြေးနေကြတယ်” လို့  ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဂန့်ဂေါမြို့နယ်ထဲကို ဖုန်းနဲ့အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားလို့ မြေပြင်သတင်းရရှိမှုတွေ နှောင့်နှေးနေရတာဖြစ်ပြီး အဆိုပါ စစ်ကောင်စီစစ်ကြောင်းက လူသားဒိုင်းအဖြစ် ဖမ်းဆီးခံကြရသူတွေဟာ ဇွန် ၉ ရက် မနက်ပိုင်းအထိ ပြန်လွတ်မြောက်မလာကြသေးဘူးလို့လည်း ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ဂန့်ဂေါ ပအဖ) ဆီကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013