
ပြည်ပကနေ တင်သွင်းရောင်းချတဲ့ အိမ်အသုံးအဆောင်နဲ့ စားသောက်ကုန်တချို့ ပစ္စည်းပြတ်တာ၊ စျေးအဆမတန် ခုန်တက်တာတွေ ရှိလာတယ်လို့ စျေးဝယ်နဲ့ အရောင်းဆိုင်ဖွင့်လှစ်ထားသူတွေဆီက သိရပါတယ်။
သင်္ဃန်းကျွန်းမြို့နယ်မှာ ကုန်စုံဆိုင်ဖွင့်ထားသူတယောက်က “ယိုးဒယားပစ္စည်းတွေဆို ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက ဒိုင်ကနေကို ဝယ်ရခက်လာတယ်။ ရတဲ့ဟာဆိုရင်လည်း လိုသလောက် မပေးတော့ဘူး။ ခွဲတမ်းနဲ့ပဲ ဝယ်လို့ရတော့တာ။ စျေးကလည်း ထက်ဝက်လောက် တက်သွားတာတွေရှိတယ်” လို့ ပြောပါတယ်။
လက်ရှိမှာ ကြက်ပေါင်းရည်အပါအဝင် ဆေးဝါးတချို့ ပစ္စည်းပြတ်လာသလို ပြည်ပထုတ်သွားတိုက်ဆေးနဲ့ အိမ်တွင်းသုံးပစ္စည်းတွေ ဝယ်ယူရခက်လာနေတယ်လို့လည်း ရန်ကုန်မြို့နေပြည်သူတချို့က ဆိုပါတယ်။
တောင်ဥက္ကလာပမြို့နယ်မှ ကိုရီးယားအသားကင်ချောင်းရောင်းသူတယောက်က "ထိုင်းကဝင်တဲ့ မယောနိဆို စျေးနှစ်ဆလောက်တက်သွားလို့ ပြန်ရောင်းဖို့တောင် ခက်သွားတယ်။ ဒါတောင် လိုသလောက်မရဘူး” လို့ ပြောပါတယ်။
ဒါ့အပြင် အိန္ဒိယဘက်ကဝင်တဲ့ ကွမ်းယာသုံးဆေးမွှေးဘူးတွေလည်း ဒီရက်ပိုင်းထဲမှာ တဘူးကို ၅,၀၀၀ ကျပ် လောက်အထိ ခုန်တက်သွားတယ်လို့ ပြန်ရောင်းရခက်နေတယ်လို့ ကွမ်းယာဆိုင်ဖွင့်ထားသူတချို့က ဆိုပါတယ်။
စစ်ကော်မရှင်က ပြည်ပထုတ်ပစ္စည်းတွေ တင်သွင်းတဲ့အပေါ် ကန့်သတ်တားဆီးတာကြောင့် မှောင်ခိုစျေးကွက်နဲ့ စျေးကြီးမြင့်တဲ့ဒုက္ခကို ပြည်သူတွေပဲ ထိတွေ့ခံစားရပြီး အရင် ဝင်းသူဇာ သမဝါယမခေတ်ကို ပြန်ဆွဲချ အသက်သွင်းနေတာဆိုပြီးလည်း ဝေဖန်နေကြပါတယ်။