Home
မြန်မာသတင်း
မြန်မာ့ဆန် ပြည်ပတင်ပို့မှုပမာဏတိုးလာသော်လည်း ပြည်တွင်းဈေးကွက် မကောင်း
DVB
·
August 9, 2025

၂၀၂၅ ခုနှစ် ဇူလိုင်လအတွင်း မြန်မာနိုင်ငံရဲ့  ပြည်ပကို ဆန်တင်ပို့မှု ပမာဏက ပြီးခဲ့တဲ့ ဇွန်လထက် အနည်းငယ် မြင့်တက်ခဲ့ ပါတယ်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ အခု ဇူလိုင်လအတွင်း ပြည်ပကို ဆန်၊ ဆန်ကွဲတန်ချိန် ၂၃၀,၀၀၀ ကျော် တင်ပို့မှုကနေ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၇၇ သန်း ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ဇွန်လအတွင်း ရရှိတဲ့ ဆန်တင်ပို့မှု ဝင်ငွေ ကန်ဒေါ်လာ ၇၁ သန်းနဲ့ နှိုင်းယှဥ်ရင် ဒေါ်လာ ၆ သန်း တိုးတက်ရရှိလာတာ ဖြစ်ပါတယ်။

ပြည်ပဆန်တင်ပို့တဲ့ ပမာဏအနည်းငယ် တိုးတက်မှု ရှိလာပေမဲ့ ပြည်တွင်းဆန်စပါးဈေးကွက်မှာ တော့ ဝယ်လိုအားနဲ့အတူ စပါးဈေးကျဆင်းနေတာကြောင့် လယ်သမား‌တွေအခက်တွေ့ နေကြ ပါတယ်။

ဆန်စပါး စိုက်ပျိုးစရိတ်၊ သယ်ယူစရိတ်တွေ ကြီးမြင့်နေပေမဲ့ ဝယ်လက်‌တွေရဲ့ ဈေးနှိမ်ဝယ်တာတွေကြောင့်လယ်သမားတွေ အရှုံးနဲ့ ရင်ဆိုင်နေကြရတယ်လို့ သိရပါတယ်။

တဖက်မှာလည်း စားသုံးသူရေးရာဦးစီးဌာနက သတ်မှတ်တဲ့ ပြည်ပပို့ ဆန်တွေရဲ့ ရည်ညွှန်းဈေးကလည်း ဆက်တိုက် ကျဆင်း‌လာတာ တွေ့ရပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကတော့ ကမ္ဘာ့ဈေးကွက်မှာ ဆန်ဝယ်လိုအား ကျဆင်း‌နေပေမဲ့ လစဉ် ပို့ကုန် ရည်မှန်းချက်ကို ပြည့်မှီအောင် တင်ပို့နေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ ပုံမှန် ဝယ်လက်တွေ ဖြစ်တဲ့ ဥရောပ၊ အာရှနဲ့ အာဖရိကနိုင်ငံတွေရဲ့ ဈေးကွက်ဝေစုတွေကို ထိန်းထားနိုင်တဲ့အတွက် လစဉ် ပို့ကုန် ရည်မှန်းချက် ပြည့်မီအောင် တင်ပို့နိုင်တာလို့ ဆိုပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်မှာ ပြည်ပကို ဆန်နဲ့ ဆန်ကွဲတန်ချိန် ၂ ဒသမ ၂၆ သန်း တင်ပို့နိုင်ခဲ့ပြီး ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ်မှာ တန်ချိန် ၁ ဒသမ ၆ သန်း ၊ ၂၀၂၄-၂ဝ၂၅ ဘဏ္ဍာနှစ်မှာ၂ ဒသမ ၄၈၇ သန်း တင်ပို့နိုင်ခဲ့ပါတယ်။

ခုဘဏ္ဍာနှစ်မှာတော့ တန်ချိန် ၃ သန်းအထိ ပိုမိုတင်ပို့နိုင်ဖို့ လျာထားလုပ်ဆောင်နေတာ ဖြစ်ပြီး ဘဏ္ဍာနှစ် ပထမ ၄ လအတွင်း နိုင်ငံတကာဈေးကွက်တွေကို ဆန်နဲ့ ဆန်ကွဲတန်ချိန် ၈ သိန်းခွဲဝန်းကျင်တင်ပို့ထားပြီးဖြစ်တယ်လို့ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်တဲ့ အချက်အလက်တွေအရ သိရပါတယ်။

အဆိုပါကိန်းဂဏန်းအရ ဘဏ္ဍာနှစ် ပထမ လေးလအတွင်းမှာ လျာထားချက်ရဲ့  ၂၈ ရာခိုင်နှုန်း‌အထိ တင်ပို့ထားပြီး ပြီးခဲ့တဲ့ နှစ်ကာလတူနဲ့ နှိုင်းယှဉ်ရင်လည်း တန်ချိန် ၃ သိန်း ကျော် တိုးတတ်မှု ရှိခဲ့ပါတယ်။

အလားတူ ယခုနှစ် ၄ လအတွင်း ဆန်တင်ပို့မှုက ရရှိတဲ့ဝင်ငွေကလည်း မနှစ်က ကာလတူနဲ့ နှိုင်းယှဉ်ရင် ဒေါ်လာ ၃၄ သန်း ပိုမိုရရှိထားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ အခုဘဏ္ဍာနှစ် အစောပိုင်းအတွင်း ပြည်ပကို ဆန်တင်ပို့ခဲ့ရာမှာ တရုတ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဘယ်လ်ဂျီယံ၊ စပိန်၊ နယ်သာလန်နဲ့ ပိုလန်နိုင်ငံ တွေကို အများဆုံးတင်ပို့ခဲ့တာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013