Home
မြန်မာသတင်း
တောင်ကြီးတွင် နိုင်ငံခြားကုန်ပစ္စည်းများ ဈေးတက်ပြီး ပစ္စည်းပြတ်
DVB
·
August 27, 2025

ရန်ကုန်မြို့ကနေ တောင်ကြီးမြို့ကို တင်သွင်းတဲ့ နိုင်ငံခြားဖြစ်ကုန်ပစ္စည်းနဲ့ အသုံးအဆောင်တွေကို သာစည်မြို့နယ် ကျွဲတပ်ဆုံဂိတ်မှာ အစစ်ဆေး အမေးအမြန်းမရှိဘဲ စစ်တပ်က သိမ်းဆည်းနေတာကြောင့် တောင်ကြီးမှာ ပစ္စည်းတွေ ဈေးတက်ပြီး ပြတ်လပ်လာတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သြဂုတ် ၂၃ ရက်ကစလို့ လက်ရှိအချိန်အထိ ကုန်ပစ္စည်းကားနဲ့ Express တွေမှာ စားသောက်ကုန်၊ အဝတ်အထည်၊ စက်ပစ္စည်း၊ အလှကုန်၊ ကလေးအသုံးအဆောင်တွေကို ကျွဲတပ်ဆုံဂိတ်ကနေ တောင်ကြီးကို ပေးမသယ်တော့ဘဲ Express ကားတွေကလည်း ကုန်ပစ္စည်း လက်ခံပို့ဆောင်ပေးတာကို ယာယီပိတ်ထားတယ်လို့ သိရပါတယ်။

တောင်ကြီးမှာ ကုန်စုံဆိုင်ဖွင့်ထားသူတယောက်က “ပစ္စည်းတွေ စျေးတအားတက်တယ်၊ တချို့က ဝယ်မရဘူး။ ပဲနို့တို့၊ အားဖြည့်အချိုရည် လစ်ပိုတို့၊ လူကြီးဒိုက်ဘာတွေ ဝယ်လို့မရတော့ဘူး။ ကုမ္ပဏီကလည်း လာမချပေးတော့ဘူး။ Ensure ဆိုလည်း ဘူးငယ်တောင်မှ တသိန်းနား ကပ်သွားပြီ။ Mevius ဆေးလိပ်ဆိုလည်း တဘူးကို တသောင်းလောက် ဖြစ်သွားတယ်။ နိုင်ငံခြားက လာတာတွေဆို ဈေးကတက်၊ ပစ္စည်းကပြတ် ဖြစ်ကုန်တယ်” လို့ ပြောပါတယ်။

ခုလက်ရှိ ကုန်စုံဆိုင်တချို့မှာ ဝယ်ရတာ အဆင်ပြေနေသေးပေမဲ့ ကုန်ပစ္စည်းတွေ ပေးမသယ်တာကြောင့် လက်ကားဒိုင်ကြီးတွေ အထိနာပြီး ပစ္စည်းပြတ်လပ်မှုနဲ့ ဈေးတက်မှုဒဏ်ကို မြို့ခံတွေလည်း ကြုံလာရနိုင်တယ်လို့ သိရပါတယ်။

တောင်ကြီးကနေတဆင့် ပြန်လည်မျှဝေတဲ့ တခြားနေရာဒေသတွေဖြစ်တဲ့ ရှမ်းမြောက်ပိုင်း၊ ရှမ်းရှေ့ပိုင်းနဲ့ လွိုင်ကော်အထိပါ ကုန်ပစ္စည်းပြတ်လပ်တာတွေ ရှိလာနိုင်တယ်လို့ ကုန်ကားဆရာနဲ့ ခရီးသည်တင် ယာဥ်လိုင်းက သူတချို့က အသိပေး ပြောဆိုကြပါတယ်။

ပြည်ပကနေ ပြည်တွင်းကိုဝင်လာတဲ့ ခရီးသွားသူတွေအနေနဲ့လည်း တကိုယ်စာ အသုံးအဆောင်တွေကို သယ်ယူလို့ရပေမဲ့ ပမာဏများများနဲ့ ပြန်လည်ရောင်းချဖို့ သယ်ယူရင် သွင်းကုန်လိုင်စင် ရယူပြီးမှ အခွန်ပေးဆောင်ပြီး သယ်ရမယ်လို့ အကောက်ခွန်ဦးစီးဌာနကတဆင့် သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013