
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ TNLA နဲ့ MNDAA တို့ကို ရှမ်းပြည်မြောက်ပိုင်းဒေသတွေကနေ ထွက်ခွာသွားစေဖို့ ဒေသခံတွေကို စစ်ကောင်စီတပ်က ငွေပေးပြီး ဆန္ဒပြခိုင်းခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
သြဂုတ် ၁၉ ရက် မနက် ၁၁ နာရီမှာ ဘောလုံးကွင်းကနေ မိန်းလမ်းတလျှောက်သွားပြီး စူဌာမုနိဘုရားအထိ စီတန်းရင်း “TNLA /MNDAA သီပေါ၊ ကျောက်မဲ၊ သိန္ဒီဒေသများက အမြန်ဆုံးထွက်ခွာပေး” စာသားနဲ့ မြန်မာနိုင်ငံအလံ ကိုင်ဆောင်ဆန္ဒပြကြတယ်လို့ သိရပါတယ်။
မြို့ခံတယောက်က “အောင်သပြေ အေးသာယက ဘောမတွေနဲ့ သူတို့ အတင်းလိုက်ခိုင်းလို့ရတဲ့သူတွေနေမှာပေါ့။ ၁၀,၀၀၀ ရတယ်လို့ ကြားတာပဲ။ လူမျိုးရေး မီးမွှေးတယ်လို့မြင်တယ်။ စစ်ရှုံးနေတော့ နှစ်ဖက်တိုင်းရင်းသားတွေကို ရန်တိုက်ပေးနေသလိုပဲ” လို့ ပြောပါတယ်။
တောင်ကြီးမှာ ဆန္ဒပြဖို့အတွက် လူအယောက် ၁၅၀၀ ကို ခေါ်ယူထားပေမဲ့ လူအယောက် ၃၀၀ လောက်ပဲ လာတယ်လို့ သိရပါတယ်။
“ရိုးရိုးသာမန်ပြည်သူ ဘယ်သူက အလုပ်ရှုပ်ခံမတုန်း၊ ဆန္ဒပြတာ ထမင်းဘူး၊ ရေသန့်ဝေပေးတယ်။ စိန်ပန်းရွှေတောင်နောက်နားက တအိမ်တယောက် မလိုက်မနေရခေါ်တာ၊ ပိုက်ဆံလည်း ပေးတယ်။”
သြဂုတ် ၁၈ ရက်ကလည်း ရှမ်းပြည်တောင်ပိုင်းက မိုးနဲ၊ မိုင်းပန်၊ ကွန်ဟိန်းမြို့တို့မှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ကိုးကန့်တပ် (MNDAA) တို့ကို ဆန့်ကျင်ဆန္ဒပြတာတွေ ပြုလုပ်ခဲ့ပါတယ်။
တိုင်းရင်းသားအချင်းချင်းကြား သွေးခွဲစေတာမျိုး စစ်တပ်ကလုပ်တာလို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ကပြောပါတယ်။
စစ်ကောင်စီတပ်က ဒီဇင်ဘာလထဲ ရွေးကောက်ပွဲလုပ်နိုင်ဖို့အတွက် စစ်တပ်လက်လွှတ်ထားရတဲ့ ဒေသတွေကို စစ်ကြောင်းထိုးတာ၊ တိုင်းရင်းသားတွေကြားထဲ သွေးခွဲ ရန်တိုက်တာတွေ ပြုလုပ်နေတာလို့ တော်လှန်ရေးရဲဘော်တွေက ပြောပါတယ်။