Home
မြန်မာသတင်း
စစ်တပ်ထိန်းချုပ်မှုအောက်ကနယ်မြေနှင့် ထိန်းချုပ်မှုမရှိသည့်နယ်မြေပေါင်းပြီးမဲဆန္ဒနယ် သတ်မှတ် 
DVB
·
August 19, 2025

အာဏာသိမ်းစစ်တပ်ဟာ သူ့ရဲ့ထိန်းချုပ်မှုအောက်မှာမရှိတဲ့ မြို့တွေကို သူတို့ထိန်းချုပ်ထားတဲ့ မြို့တွေနဲ့ ပေါင်းပြီး မဲဆန္ဒနယ်အဖြစ်သတ်မှတ်တာကြောင့် လွှတ်တော်အားလုံးမှာ အစိုးရဖွဲ့နိုင်တဲ့ ကိုယ်စားလှယ်အရေအတွက်ကိုရမှာဖြစ်တယ်လို့  နိုင်ငံရေးပါတီတွေက ပြောပါတယ်။

ဒီဇင်ဘာ ၂၈ ရက်မှာ ကျင်းပမယ်လို့ ကြေညာထားတဲ့ ရွေးကောက်ပွဲအတွက် လွှတ်တော်အသီးသီးမှာ ရှိနေတဲ့ မဲဆန္ဒနယ်မြေတွေကို သတ်မှတ်တဲ့အခါမှာ တော်လှန်ရေးအဖွဲ့တွေထိန်းချုပ်နိုင်တဲ့မြို့တွေကို သူတို့ ထိန်းချုပ်နိုင်တဲ့မြို့တွေ နဲ့ပေါင်းပြီး မဲဆန္ဒနယ်မြေတခုအဖြစ် သတ်မှတ်ကျင်းပဖို့  အာဏာသိမ်း စစ်တပ်က စီစဉ်နေတာပါ။

ဒါဟာ စစ်တပ်က သူတို့ ထိန်းချုပ်နိုင်တဲ့ မြို့တွေပေါ်မှာ ရွေးကောက်ပွဲကျင်းပပြီး ထိန်းချုပ်နိုင်ခြင်း မရှိတဲ့ မြို့တွေအတွက် သတ်မှတ်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်အရေအတွက်ကို ရရှိအောင် ဆောင်ရွက်လိုက်တာကြောင့် လွှတ်တော်အားလုံးမှာ အစိုးရဖွဲ့နိုင်တဲ့ ကိုယ်စားလှယ် အရေအတွက်  ပြည့်မီသွားတာလို့ ဆိုပါတယ်။

ပြည်နယ်လွှတ်တော် ပေါ်ပေါက်ရေးအတွက် အခက်အခဲဖြစ်နေတဲ့ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်မှာဆိုရင် အဲဒီနည်းလမ်းနဲ့ ဆောင်ရွက်မှာဖြစ်တာကြောင့် ပြည်နယ်လွှတ်တော်အတွက် သတ်မှတ်ထားတဲ့ ကိုယ်စားလှယ်အရေအတွက်အားလုံးနီးပါး လွှတ်တော်ထဲကိုရောက်သွားမှာ ဖြစ်တယ်လို့ ရခိုင်တိုင်းရင်းသားများပါတီ ဥက္ကဋ္ဌ  ဦးဘရှိန်က ရှင်းပြပါတယ်။

စစ်ကောင်စီက ပြည်သူ့လွှတ်တော်အတွက်ကျင်းပမယ့် နိုင်သူအကုန်ယူစနစ်နဲ့ကျင်းပမယ့် မဲဆန္ဒနယ်မြေ ၃၃၀၊  အမျိုးသားလွှတ်တော်အတွက် နိုင်သူအကုန်ယူစနစ်နဲ့ကျင်းပမယ့် မဲဆန္ဒနယ်မြေ ၈၄ နယ်နဲ့ အချိုးကျကိုယ်စားပြုစနစ်နဲ့ကျင်းပမယ့် မဲဆန္ဒနယ်မြေ ၂၆ နယ်ရှိတယ်လို့ ဒီလ ၁၅ ရက်နေ့ ရက်စွဲနဲ့ ကြေညာခဲ့ပါတယ်။

အဲဒီအပြင် တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်အတွက် နိုင်သူအကုန်ယူစနစ်နဲ့ ကျင်းပမယ့် မဲဆန္ဒနယ်မြေ ၃၂၂ နယ်နဲ့ အချိုးကျကိုယ်စားပြုစနစ်နဲ့ ကျင်းပမယ့် မဲဆန္ဒနယ်မြေ ၄၂ နယ်အပြင် တိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံးအတွက် တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားအတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်တခုလုံးကို နိုင်သူအကုန်ယူစနစ်နဲ့ကျင်းပပြီး မဲဆန္ဒနယ် ၂၉ နယ်ရှိတယ်လို့လည်းကြေညာပါတယ်။

ရွေးကောက်ပွဲကို အပိုင်းလိုက် လုပ်မှာဖြစ်တာကြောင့် တနိုင်ငံလုံးမဲဆန္ဒနယ်မြေအားလုံးကို ကြေညာခဲ့တာ ဖြစ်ပြီး အာဏာသိမ်းစစ်တပ်ဟာ သူတို့ထိန်းချုပ်မှုအောက်မှာမရှိတဲ့ နယ်မြေတွေမှာ တော့ ရွေးကောက်ပွဲကျင်းပမှာမဟုတ်ဘူးလို့ နိုင်ငံရေးပါတီတွေက ပြောပါတယ်။

ဒါကြောင့် အခုလုပ်မယ့်ရွေးကောက်ပွဲမှာ မဲပေးမယ့်သူတွေရော ရွေးကောက်ပွဲဝင်ပြိုင်မယ့် နိုင်ငံရေးပါတီတွေအားလုံးဟာ အန္တရယ်ကင်းကင်းနဲ့ ဆောင်ရွက်နိုင်မယ့် အခြေနေမှာရှိနေတယ်လို့ အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးသိမ်းကြည်က  ပြောပါတယ်။

အခုအာဏာသိမ်းစစ်တပ်က လုပ်မယ့်ရွေးကောက်ပွဲဟာ လူထုအတွက် အန္တရာယ်ရှိပြီး သေဆုံးထိခိုက်မှုတွေ ရှိလာနိုင်တာကြောင့် လက်ရှိအချိန်မှာ ရွေးကောက်ပွဲမပြုဖို့ ကုလသမဂ္ဂ အပါအဝင် အာဆီယံနိုင်ငံတချို့ နဲ့ အနောက်နိုင်ငံတွေက သတိပေးထားပါတယ်။ 

အောင်သူ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013