
မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်း ဒေါ်နန်းကြည်တောင်အောက်ဘက်ရှိ ကျပ်ပြင်ဈေးအနီးကို စစ်တပ်က သြဂုတ် ၁၈ ရက် ညနေ ၃ နာရီလောက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူတယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကျပ်ပြင်ရပ်ကွက်မှာ နေထိုင်နေသူတယောက်က “ကျပ်ပြင်ဈေးနားကို ဗုံးကျသွားတယ်။ မြေကွက်လပ် ဆိုတော့ လူထိခိုက်မှုမရှိဘူး။ ဘေးနားက အိမ်တွေတော့ အစတွေ စင်တယ်။ ဗုံးစတွေတော့ အဝေးကြီးထိ လွင့်လာတယ်"လို့ ပြောပါတယ်။
ဗုံးဒဏ်ကြောင့် အနီးနားရှိ လူနေအိမ်နဲ့ ဆောက်အအုံတချို့ဗုံးစထိမှန်ခဲ့ပြီး လူတယောက် မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ကို စစ်တပ်က ဇူလိုင်လကနေ သြဂုတ်လအတွင်း ၈ ကြိမ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၆၀ ကျော် ထိခိုက် သေဆုံးခဲ့ပါတယ်။