
ကရင်ပြည်နယ်၊ ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်းတလျှောက်နဲ့ အနီးအနားက ကျေးရွာတွေမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
ဒါ့အပြင် ကော့ကရိတ်-မြဝတီ (အာရှ) လမ်းပိုင်းမှာလည်း တိုက်ပွဲဖြစ်နေပြီး ကျုံဒိုး-ကော့ကရိတ်-မြဝတီလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်တပ်က အင်အား ဖြည့်တင်းနေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတယောက်က “ကော့ကရိတ်လမ်းပိုင်းကို စကစ က ထိုးစစ်ဆင်နေတယ်။ စစ်မှုထမ်းတွေကို အင်အားဖြည့်တင်းပြီး ထိုးစစ်ဆင်နေတယ်။ လမ်းတွေ ပြန်လွှမ်းမိုးနိုင်ဖို့။ အင်အားအလုံးအရင်းနဲ့ မြဝတီတောင်ခြေကို ဖြတ်ပြီး တက်ဖို့။ တိုက်ပွဲတွေက ပြင်းထန်နေတယ်။ လေယာဉ်နဲ့လည်း ဗုံးကြဲတယ်။ လက်နက်ကြီး အမြောက်တွေနဲ့ ပစ်နေတယ်။ ဂျိုင်းမြစ်တလျှောက်မှာရှိတဲ့ လူဟောင်း(စစ်ကောင်စီ)တွေကို အပေါ်ကိုပို့တယ်။ လူသစ်တွေကို ဂျိုင်းမြစ်တလျှောက် ထိုင်ပြီး အလဲအလှယ်လုပ်တယ်။ အဲဒီကလူတွေကို ကောက်နုတ်ပြီးတော့ ကျုံဒိုး-မြဝတီ တောက်လျှောက်ကို ပို့တယ်” လို့ ပြောပါတယ်။
စစ်တပ်ဘက်က ကျုံဒိုး ၅၄၅၊ ၅၄၆ ကနေ တော်လှန်ရေးတပ်ဖွဲ့တွေ ရှိနိုင်မယ့် ကျုံဒိုးမြို့ အနီးအနားက ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် နေအိမ်တွေ ပျက်စီးတာ ကျွဲ၊ နွား၊ တိရစ္ဆာန်တွေ သေဆုံးပြီး လူထိခိုက်တာတွေ ရှိတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
စစ်ရှောင်အရေး ကူညီပေးနေသူတယောက်က “ကော့ကရိတ်လမ်းပိုင်းက အခြေအနေ မကောင်းဘူး။ စစ်ကောင်စီဘက်ကတော့ နေ့တိုင်းလိုလို စစ်အင်အားတွေ ပို့တယ်။ လက်နက်ခဲယမ်းတွေ ပို့တယ်။ စားနပ်ရိက္ခာတွေ ပို့တယ်။ ကော့ကရိတ်နဲ့ အာရှလမ်းမှာလည်းပဲ လက်နက်ကြီးပစ်သံတွေ ကြားတယ်။ တိုက်ပွဲဖြစ်တဲ့ဟာတွေလည်း ကြားတယ်။ ဒီအပြင် ကျုံဒိုး ၅၄၅၊ ၅၄၆ ကနေပြီးတော့မှ တော်လှန်ရေးတပ်ဖွဲ့တွေ ရှိမယ်လို့ ယူဆရတဲ့ ရွာတွေဘက်ကို ၁၂၀ မမတို့ ၁၈၀ မမတို့နဲ့ လှမ်းလှမ်းပြီးတော့ ပစ်နေတော့ ရွာတွေပေါ်ကိုကျပြီးတော့ အိမ်တွေပျက်စီးတယ်။ ကျွဲ၊ နွား၊ တိရစ္ဆာန်တွေ သေတယ်။ လူတွေထိခိုက်တာမျိုးလည်း အခု ဒီရက်ပိုင်း ရှိလာတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံ ကရင်ပြည်နယ်အစိုးရအဖွဲ့က ဂျိုင်းမြစ်အတွင်း အများပြည်သူ သွားလာနေတဲ့ ကူးတို့ဆိပ်တွေကို ကူးသန်းသွားလာခွင့် ပိတ်ပင်ထားတာကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ဆက်သွယ်ရေး ဖုန်းလိုင်းတွေကို ဖြတ်တောက်တာ၊ အင်တာနက်လိုင်းဆွဲအားကိုပါ လျှော့ချထားတယ်လို့ သိရပါတယ်။
အောင်ခန့်