
အီတလီနိုင်ငံတောင်ပိုင်း လမ်ပီဒူဆာကျွန်းအနီးမှာ သြဂုတ် ၁၃ ရက် က ရွှေ့ပြောင်းနေထိုင်သူတွေ လိုက်ပါလာတဲ့ သင်္ဘောနစ်မြုပ်ခဲ့တာကြောင့် လူ ၂၆ ဦးထက်မနည်း သေဆုံးပြီး အယောက် ၆၀ ကို ကမ်းပေါ် တင်ဆောင်ခဲ့တယ်လို့ ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။
ရှာဖွေရေးလုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင်နေတာကြောင့် သေဆုံးသူအရေအတွက်မှာ ယာယီသာ ရှိသေးကြောင်းလည်း ဆိုပါတယ်။
အီတလီ ဥပဒေစိုးမိုးရေး လေယာဉ်တစင်းဟာ သြဂုတ် ၁၃ ရက် မနက်က လမ်ပီဒူဆာ ကမ်းလွန်ရှိ သင်္ဘောနစ်မြုပ်နေမှုနဲ့ ၁၄ မိုင်အကွာမှာ အလောင်းတွေကို တွေ့ရှိခဲ့ပြီးတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို စတင်လုပ်ဆောင်ခဲ့ကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကယ်ဆယ်ရေးနေရာမှာ သင်္ဘော ၅ စင်း၊ လေယာဉ် ၂ စင်းနဲ့ ရဟတ်ယာဉ်တစင်းတို့ လုပ်ဆောင်နေကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ UNHCR ရဲ့ ကနဦး စာရင်းတွေအရ အဆိုပါ နစ်မြုပ်သင်္ဘောပေါ်မှာ လစ်ဗျားမှ ခရီးသွားပြည်သူတွေ အပါအဝင် ရွှေ့ပြောင်းအခြေချသူတွေ လူ ၉၂ ဦးမှ ၉၇ ဦးအထိ ရှိပါတယ်။
ဒီဘေးအန္တရာယ်ဟာ အာဖရိကမှ ဥရောပကို အန္တရာယ်ရှိတဲ့ မြေထဲပင်လယ် ဖြတ်ကျော်မှု လုပ်လာတဲ့ ရွှေ့ပြောင်းဒုက္ခသည်တွေ ကြုံရတဲ့ ဒုက္ခလည်း ဖြစ်ပါတယ်။
အခုနှစ် အစပိုင်းကတည်းက မြေထဲပင်လယ် အလယ်ပိုင်းကို ဖြတ်ကူးဖို့ ကြိုးပမ်းရင်း သေဆုံးခဲ့ရသူ လူပေါင်း ၆၇၅ ဦး ရှိကြောင်း အီတလီရှိ UNHCR ပြောရေးဆိုခွင့်ရှိသူ ဖှီလစ်ပို အန်ဂါရို က ပြောပါတယ်။
Source:Reuters


