
စစ္စလီကျွန်းကို အီတလီပြည်မကြီးနဲ့ ဆက်သွယ်ပေးမယ့် ကမ္ဘာ့အရှည်ဆုံး ကြိုးတံတား တည်ဆောက်ဖို့ ယူရို ၁၃ ဒသမ ၅ ဘီလီယံ တန်ဖိုးရှိ စီမံကိန်းကို အီတလီအစိုးရက အပြီးသတ်ခွင့်ပြုချက် ပေးလိုက်ပါတယ်။
မက်ဆီနာရေလက်ကြားကို ဖြတ်ကျော်ဖောက်လုပ်မယ့် ဒီတံတားဟာ အရှည် ၃ ဒသမ ၃ ကီလိုမီတာ (၂ ဒသမ ၀၅ မိုင်) ရှိမှာဖြစ်ပါတယ်။
မြေထဲပင်လယ်ဒေသ၊ ငလျင်လှုပ်ခတ်မှုအများဆုံးနေရာမှာ တည်ရှိနေတဲ့အတွက် အင်အားပြင်းငလျင်ဒဏ်ကို ခံနိုင်ရည်ရှိအောင် တည်ဆောက်သွားမှာ ဖြစ်ပါတယ်။
တံတားကို ၂၀၃၂ နဲ့ ၂၀၃၃ ခုနှစ်ကြား အပြီးတည်ဆောက်ဖို့ ရည်မှန်းထားပါတယ်။ ဒီစီမံကိန်းဟာ အလုပ်အကိုင်ပေါင်း ၁၂၀,၀၀၀ ခန့် ဖန်တီးပေးနိုင်ပြီး အီတလီရဲ့ အဆင်းရဲဆုံးဒေသနှစ်ခုဖြစ်တဲ့ စစ္စလီနဲ့ ကာလာဘရီယာအတွက် စီးပွားရေးတိုးတက်စေမယ်လို့ ထောက်ခံသူတွေက ဆိုပါတယ်။
ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍတွေကနေ အရေးကြီးတဲ့ ဘဏ္ဍာငွေတွေကို လွှဲပြောင်းအသုံးပြုသလို ဖြစ်စေပြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်တယ်ဆိုတဲ့ ကန့်ကွက်ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
နိုင်ငံတွင်းနဲ့ ဥရောပသမဂ္ဂအဆင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အေဂျင်စီတွေရဲ့ အတည်ပြုချက်ကို ထပ်မံရယူရဦးမှာ ဖြစ်သလို တရားဥပဒေကြောင်းအရ စိန်ခေါ်မှုတွေနဲ့လည်း ကြုံနိုင်တဲ့အတွက် ထပ်မံကြန့်ကြာမှုတွေ ရှိနိုင်ပါတယ်။
Source: Reuters


