Home
မြန်မာသတင်း
တပ်ကုန်းတွင် မိုးသည်းထန်ပြီး ရေကြီး၊ ဒေသခံများရွှေ့ပြောင်း
DVB
·
August 27, 2025
Photo: MFSD
Photo: MFSD
Photo: MFSD

စစ်ကောင်စီရုံးစိုက်တဲ့ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပွားမှုကြောင့် ဒေသခံတွေ အရေးပေါ် ပြောင်းရွှေ့နေရတယ်လို့ ကူညီကယ်ဆယ်ရေးသမားတွေဆီက သိရပါတယ်။

သြဂုတ် ၂၇ ရက် မနက် ၅ နာရီခန့်က စတင်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံလာလို့ အရပ်သားတွေကို ရေဘေးလွတ်ရာ နေရာတွေဆီ အရေးပေါ် ပြောင်းရွှေ့ပေးနေရတာလို့ ဆိုပါတယ်။

ကူညီကယ်ဆယ်ရေးသမားတယောက်က “ရေက မနေ့ ၂၆ ရက် မနက်ကတည်း တရိပ်ရိပ် တိုးလာတာ။ မိုးက အဆက်မပြတ်ရွာနေတော့ အခုမနက်စောစောကျတော့ အခြေအနေ ပိုဆိုးသွား။ ဒ့ါကြောင့် အိမ်တွေ ရေမြုပ်လာတာ။ အနိမ့်ပိုင်းအိမ်တွေက အရပ်သားတွေကို ရေဘေးလွတ်တဲ့ အမြင့်ပိုင်းနေရာတွေကို ရွှေ့ပြောင်းတာ” လို့ ပြောပါတယ်။

ရေကြီးရေလျှံမှု ဖြစ်ပွားလာတဲ့ တပ်ကုန်းမြို့နယ်က ညောင်ပင်သာကျေးရွာ၊ ရှောက်ကုန်းကျေးရွာ၊ ဗျိုင်းအင်းကျေးရွာနဲ့ အောင်ဇေယျဘုရားအနီးက နေအိမ်တွေ အများဆုံး ရေနစ်မြုပ်မှု ဖြစ်ပွားနေတာဖြစ်တယ်လို့ သိရပါတယ်။

ဒေသခံ အရပ်သားတယောက်က “အိမ်အောက်ပိုင်းက လုံးဝ ရေမြုပ်သွားပါပြီ။ တချို့ ကယ်ဆယ်ရေးသမားတွေဆို ရေက ခါးမြုပ်နေပြီ။ တိရစ္ဆာန်တွေကော လူတွေပါ ရွှေ့ပေးကြတာ။ ရေက တက်လာဆို တဟုန်ထိုးပါပဲ။ ရေစီးလည်းသန်တယ်။ ရေဘေးက ကြုံဖူးထားတော့ ကြောက်တာပေါ့နော်” လို့ ပြောပါတယ်။

ရေဝင်ရောက်မှုဖြစ်ပွားနေတဲ့ နေအိမ်တွေက ရေဘေးသင့် ပြည်သူတွေကို မီးသတ်တပ်ဖွဲ့တွေ၊ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်တွေနဲ့ ပရတိတအသင်းတွေက စက်လှေ ၇ စီးလောက် အသုံးပြု ကူညီကယ်ဆယ်ပေးပြီး အရေးပေါ် နေရာပြောင်းရွှေ့ပေးနေကြပါတယ်။

လေပွေလှိုင်းရဲ့ အရှိန်ကြောင့် ဒီနေ့ ဩဂုတ် ၂၇ ရက်ကစတင်ပြီး ဩဂုတ် ၂၉ ရက်အထိ မြန်မာတနိုင်ငံလုံး နေရာစိပ်စိပ်မှ နေရာအနှံ့အပြားအထိ မိုးထစ်ချုန်းရွာနိုင်ပြီး ဒေသအလိုက် မိုးကြီးနိုင်တယ်လို့ မိုး/ဇလက သတိပေးချက် ထုတ်ထားပါတယ်။

ဒါ့အပြင် မိုး/ဇလက အကြံပြုချက်အရ မိုးသည်းထန်စွာရွာသွန်းမှု၊ လေပြင်းတိုက်ခတ်မှု၊ ရုတ်တရက် ရေကြီး၊ မြေပြိုတာတွေ ဖြစ်နိုင်လို့  မြစ်ချောင်းကမ်းအနီးနဲ့ မြေနိမ့်ပိုင်း နေထိုင်သူတွေအနေနဲ့ ကြိုတင်သတိပြုကာ အချိန်မီ ရှောင်ရှားကြဖို့ သတိပေးထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024