Home
မြန်မာသတင်း
နေပြည်တော် ဇေယျာသီရိကားလမ်း မိုးသည်းထန် ရေကြီးပြီး ရေနစ်မြုပ်
DVB
·
August 25, 2025
Photo: ကရုဏာရှင်လူမှုကူညီရေးအသင်း

စစ်ကောင်စီရုံးစိုက်တဲ့ နေပြည်တော်၊ ဇေယျာသီရိမြို့ ပင်လောင်းလမ်းဆုံ ကားလမ်းမပေါ်မှာ မိုးသည်းထန်ရွာသွန်းပြီး ရေကြီးရေလျှံ နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဩဂုတ် ၂၅ ရက်၊ ဒီနေ့မနက် ၄ နာရီကျော်က စတင်ပြီး ဇေယျာသီရိမြို့ ပင်လောင်းလမ်းဆုံ ကားလမ်းမပေါ်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံနေပြီး ကားလမ်းပေါ် ရေအဆမတန် ကျော်တက်နေတဲ့အတွက် ဆိုင်ကယ်တွေ၊ ကားသေးတွေ သွားလာဖို့ အခက်အခဲတွေ ဖြစ်နေပါတယ်။

ဒေသခံတယောက်က “အခုမနက် ပိုဆိုးတာ။ ရေစီးကသန်နေတော့ ဆိုင်ကယ်တွေလာတာတော့ အန္တရာယ်ရှိတယ်။ ကုန်ကားတွေနဲ့ ရိုးရိုးကားတွေကတော့ သွားလာလို့ရနေတယ်။ မိုးကလည်း ဒီနေ့မနက် ၃ နာရီကျော်တည်းက ရွာနေတာ။ နောက် အဆက်မပြတ် ရွာလာမယ် ဆိုရင်တော့ စိုးရိမ်ရတယ်” လို့ ပြောပါတယ်။

ရုတ်တရက် ကားလမ်းပေါ် ရေကျော်တက်နေတဲ့အတွက် ကုန်တင်ကားတွေ၊ အိမ်စီးကားတွေနဲ့ ဆိုင်ကယ်တွေ ပိတ်ဆို့ကာ လမ်းခရီးကြန့်ကြာနေပြီး မိုးကလည်း ဆက်လက်ရွာသွန်းနေတယ်လို့ သိရပါတယ်။

ဆိုင်ကယ် ကယ်ရီသမားတယောက်က “ရေကြီးလာမှာကိုတော့ တော်တော်ကြောက်နေတယ်။ အခုလည်း မနက်ကရွာတဲ့ မိုးဒဏ်နဲ့ ချက်ချင်း ရေထိုးတက်လာတာလေ။ အရင်နှစ်က သင်ခန်းစာတွေလည်း ရထားပြီ။ မနှစ်ကလည်း ဆိုင်ကယ်တွေ အစီးလိုက် ရေထဲမျောပါသွားတာ” လို့ ပြောပါတယ်။

ရေကြီးနေတဲ့ ပင်လောင်းလမ်းဆုံမှာ ဆိုင်ကယ်တွေ သွားလာဖို့ အဆင်ပြေအောင် ဒေသခံ လူမှုကူညီရေးအသင်းတွေနဲ့ အရပ်သားတွေက အချင်းချင်း သတိပေး အားဖြည့်ကူညီ လုပ်ဆောင်ပေးနေကြ ပါတယ်။

မိုးရွာသွန်းနေတဲ့ဒဏ်ကြောင့် ကားလမ်းဘေးက နေအိမ်တချို့ထဲကိုပါ ရေတွေ စတင်ဝင်ရောက်နေပြီး မိုးဆက်ရွာသွန်းပါက နေအိမ်တွေ ရေနစ်မြုပ်တဲ့အထိ ရေကြီးရေလျှံ နိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်ကောင်စီ မိုးဇလဌာနရဲ့  သြဂုတ် ၂၄ ရက် အထူး မိုးလေဝသ သတင်းထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းလာနိုင်ခြင်းကြောင့်နဲ့ တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ တိုင်ဖွန်းမုန်တိုင်း Kajiki ဟာ အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး ဗီယက်နမ်နိုင်ငံနဲ့ လာအိုနိုင်ငံ ကုန်းတွင်းပိုင်း ဒေသတွေကို ဖြတ်ကျော်နိုင်ကာ မုန်တိုင်းအကြွင်းအကျန် တိမ်တိုက်တွေဟာ မြန်မာနိုင်ငံကို ရောက်ရှိလာနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သြဂုတ် ၂၆ ရက်မှာ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း (အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်ကမ်းလွန် - အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေ) တို့မှာ ဖြစ်ပေါ်လာနိုင်မယ့် လေဖိအားနည်းရပ်ဝန်းရဲ့ အရှိန်ကြောင့် သြဂုတ် ၂၆ ရက်မှ ၂၉ ရက်အထိ စစ်ကိုင်းတိုင်း၊ အထက်ပိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ နေရာကျဲကျဲနဲ့ နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး တချို့ဒေသတွေမှာ နေရာကွက် မိုးကြီးနိုင်တယ်လို့ ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013