
အိန္ဒိယနိုင်ငံ၊ ကက်ရှ်မီးယားဒေသမှာ မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် လူ ၄၆ ယောက်ထက်မနည်း သေဆုံးပြီး ၂၀၀ ကျော် ပျောက်ဆုံးနေတယ်လို့ တာဝန်ရှိသူတွေက ဩဂုတ် ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။
ဒါဟာ ဟိမဝန္တာတကျောမှာ တပတ်ကျော်အတွင်း ဒုတိယအကြိမ် ဘေးဆိုးကြုံရတာ ဖြစ်ပါတယ်။ ထင်ရှားတဲ့ ဘုရားဖူးလမ်းကြောင်းမှာ တထောက်နားတဲ့နေရာဖြစ်တဲ့ ကစ်ရှ်တ်ဝါခရိုင်၊ ချာဆိုတီမြို့မှာ အဖြစ်ဆိုးကြုံခဲ့ရတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့အပတ်ကလည်း ဟိမဝန္တာပြည်နယ် ဥတ္တရာခန်းမှာ ရေကြီး မြေပြိုလို့ တရွာလုံး မြုပ်ခဲ့ပါသေးတယ်။
မာချေလ် မာတား ဘုရားကျောင်းကို သွားတဲ့လမ်းကြောင်း၊ တထောက်နားတဲ့နေရာမှာ ရှိတဲ့ အများသုံး ချက်ပြုတ်တဲ့နေရာနဲ့ လုံခြုံရေးကင်းစခန်း မျောပါသွားတယ်လို့ ဆိုပါတယ်။
ဒူရ်ဂါးမယ်တော်ရဲ့ ကိုယ်ပွားတခုဖြစ်တဲ့ မာချေလ်မာတား မယ်တော်ဘုရားကျောင်းဟာ ဟိမဝန္တာ မြင့်မားတဲ့ ကုန်းမြင့်ပေါ်မှာ တည်ရှိပါတယ်။
အဲဒီဘုရားကျောင်းကို သွားဖို့ဆိုရင် အခု ရေလွှမ်းတဲ့ ချာဆိုတီမြို့အထိပဲ ကားတွေနဲ့ တက်လို့ရတာ ဖြစ်ပါတယ်။
တနာရီအတွင်း မိုးရေချိန် ၄ လက်မလောက် အသည်းအသန် ရွာသွန်းခဲ့တာကြောင့် တောင်ထူထပ်တဲ့ဒေသမှာ ရုတ်တရက်ရေကြီး၊ မြေပြိုမှုတွေ ဖြစ်ပွားခဲ့တာလို့ မိုးလေဝသဌာနက ထုတ်ပြန်ပါတယ်။
Source: Reuters