
အိန္ဒိယ မြို့တော် နယူးဒေလီနဲ့ ဆင်ခြေဖုံးရပ်ကွက်တွေမှာရှိတဲ့ လေလွင့်ခွေးအားလုံးကို သီတင်း ၈ ပတ်အတွင်း စောင့်ရှောက်ရေးဂေဟာတွေဆီ ပြောင်းရွှေ့ပေးရမယ်လို့ အိန္ဒိယတရားရုံးချုပ်က ထုတ်ပြန်လိုက်တဲ့ အမိန့်ဟာ သြဂုတ် ၁၂ ရက်မှာ နိုင်ငံအနှံ့ သတင်းခေါင်းစဉ်တွေမှာ လွှမ်းမိုးခဲ့ပါတယ်။
အထူးသဖြင့် ကလေးတွေအကြားမှာ ခွေးရူးပြန်ရောဂါ ဖြစ်ပွားမှု မြင့်တက်လာကြောင်း မီဒီယာ တွေမှာ ဖော်ပြမှု များလာခဲ့ပြီးနောက် သြဂုတ် ၁၁ ရက်မှာ တရားရုံးအမိန့် ထုတ်ပြန်ခဲ့တာပါ။
ဇန်န၀ါရီလမှာ နိုင်ငံတဝန်း ခွေးကိုက်ခံရမှု ၄၃၀,၀၀၀ နီးပါးရှိခဲ့ကြောင်း အိန္ဒိယအစိုးရက ဧပြီလမှာ ပြောကြားခဲ့ပြီး ၂၀၂၄ ခုနှစ် တနှစ်လုံးမှာ ခွေးကိုက်ခံရမှုပေါင်း ၃ ဒသမ ၇ သန်း ရှိခဲ့တာပါ။
နယူးဒေလီမြို့တော်ဝန် ရာဂျာဆင်းန်က တရားရုံးချုပ်ရဲ့ အမိန့်ကို ၁၀၀ ရာခိုင်နှုန်းကို အကောင်အထည်ဖော်မှာဖြစ်ပြီး လာမယ့် ၆ ပတ်အတွင်း လမ်းဘေးခွေးတွေကို မတွေ့ရအောင် အစွမ်းကုန်ကြိုးစားသွားမှာပါ လို့ ပြောပါတယ်။
ဒေသတွင်း မီဒီယာတွေ မှာတော့ ဒေလီမြို့တော် တခုတည်းမှာကို ခွေးလေခွေးလွင့်ပေါင်း ၁ သန်း ရှိကြောင်း ဖော်ပြကြပါတယ်။ အဲဒီအရေအတွက်ကိုတော့သီးခြားအတည်ပြုလို့ မရပါဘူး။
တိရစ္ဆာန်အခွင့်အရေး လှုပ်ရှားသူ ဂေါရီ မောက်လက်ခီကတော့ တရားသူကြီး ဂျေဘီ ပါဒီဝါလာ ဟာ ဒေလီမြို့တော်ဒေသကြီးမှာရှိတဲ့ တိရစ္ဆာန် ၁၀ သိန်းကျော်ရဲ့ ကံကြမ္မာကိုဆုံးဖြတ်ခဲ့တာဖြစ်ပြီး အစိုးရက တာဝန်ယူ လုပ်ဆောင်တဲ့ ခွေးထိန်းသိမ်းရေးရုံတွေထဲမှာ ဝိုင်းပြီး ပေါင်းထည့်ခိုင်းတာလို့ ပြောဆိုပါတယ်။
တရားသူကြီးက အဲဒီခွေးရုံတွေကို မြန်မြန်ဆောက်ပေးဖို့ အစိုးရကိုတောင်းဆိုရုံတင်မက တရားစီရင်ရေးဆိုင်ရာ ဘက်မလိုက်တဲ့ အမိုင်းကပ်စ် အကြံပေးပုဂ္ဂိုလ်မှ အဆိုပြုထားတဲ့ လေ့ကျင့် သင်တန်းပေးဖို့ကိုလည်း ခွင့်မပြုပေးဘူး လို့ ဆိုပါတယ်။
ပဲယ်တာ အိန္ဒိယ တရားရေးရာ ပံ့ပိုးကူညီရေးအဖွဲ့ဝင် ရှောင်းရ်ယာ အာဂ်ရာဝါလ် က “ဒေလီမှာ ခွေးကောင်ရေ ၁၀ သိန်းကို ခွေးထိန်းသိမ်းရေးရုံတွေထဲမှာ ထားဖို့က လက်တွေ့မကျဘူး၊ အရမ်းခက်တယ်။ ဒါက ပရမ်းပတာတွေနဲ့ ပြဿနာတွေကို ဖန်တီးတာပဲ”လို့ ပြောပါတယ်။
Source:Reuters