
ကလေးသူငယ်တွေ ခွေးကိုက်ခံရနှုန်း မြင့်တက်လာလို့ စိုးရိမ်ထိတ်လန့်နေတဲ့ အိန္ဒိယနိုင်ငံ မြို့တော် ဒေလီနဲ့ ဆင်ခြေဖုံးရပ်ကွက်တွေက အာဏာပိုင်တွေကို သီတင်းပတ် ၈ ပတ်အတွင်း ခွေးလေခွေးလွင့်အားလုံးကို ခိုလှုံရာနေရာတွေဆီ ပြောင်းရွှေ့ပေးဖို့ အိန္ဒိယ ထိပ်တန်းတရားရုံးက သြဂုတ် ၁၁ ရက်မှာ အမိန့်ပေးခဲ့ပါတယ်။
ဒေလီရဲ့ ဆင်းရဲသားရပ်ကွက်တခုမှာ ခွေးကိုက်ခံရပြီးတဲ့နောက် ဒဏ်ရာအပြင်းအထန်ရခဲ့တဲ့ ၁၂ နှစ်အရွယ် ကလေးငယ်ရဲ့ဖခင် အာဂျွန်ဆန်က တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ပါတယ်။
“ခွေးတွေကို ကျနော်တို့ဒေသကနေ အမြန်ဆုံးဖယ်ရှားပြီး တခြားသူတွေ ဒီပြဿနာမကြုံရအောင် ပို့သင့်တဲ့နေရာဆီ ပို့သင့်တယ်” လို့ သူက ပြောပါတယ်။
ဇန်န၀ါရီလမှာ တနိုင်ငံလုံးအနေနဲ့ ခွေးကိုက်ခံရသူ အယောက် ၄၃၀,၀၀၀ နီးပါးရှိပြီး ၂၀၂၄ ခုနှစ်မှာတော့ ခွေးကိုက်ခံရသူ အယောက် ၃ ဒသမ ၇ သန်း ရှိတယ်လို့ အိန္ဒိယအစိုးရက ဧပြီလမှာ ပြောပါတယ်။
ဒါပေမဲ့ တိရစ္ဆာန်စောင့်ရှောက်ရေး တက်ကြွလှုပ်ရှားသူတွေနဲ့ ထိန်းသိမ်းရေးသမားတွေက အခြေခံအဆောက်အအုံတွေ ချို့တဲ့မှုကို ကိုးကားပြီး တရားရုံးချုပ်ရဲ့ စီရင်ချက်ကို ဝေဖန်နေကြပါတယ်။
လမ်းဘေးခွေးကိစ္စနဲ့ ပတ်သက်ပြီး အိန္ဒိယမှာ ခွေးထိန်းသိမ်းစောင့်ရှောက်ရေးသမားတွေနဲ့ ခွေးကိုက်ခံရသူတွေကြား ထိပ်တိုက်တွေ့နေကြတာပါ။
ဒေလီမြို့တော် မြောက်ပိုင်းဒေသ Delhi NCR ကို အသာထားလို့ ဒေလီမြို့တော်က ထောင်နဲ့ချီတဲ့ လမ်းဘေးခွေးတွေကို ကိုင်တွယ်နိုင်တဲ့ ဂေဟာတောင် မရှိဘူးလို့ တိရစ္ဆာန်တွေအပေါ် ရက်စက်မှုပပျောက်ရေးအတွက် Friendicoes Society ကို တွဲဖက်တည်ထောင်သူနဲ့ ဒုဥက္ကဋ္ဌ ဂီတာ ရှီရှာမာနီက ပြောပါတယ်။
ခွေးကိုက်ခံရတာ အသက်ငယ်ရွယ်သူတွေကြားမှာ ပိုများလာပေမဲ့ ခွေးရူးပြန်ရောဂါသည်ကတော့ ရှားပါးတယ်လို့ ဆရာဝန်တွေက ပြောပါတယ်။
မနိပါဆေးရုံက ကူးစက်ရောဂါဌာန အကြီးအကဲ အန်ခီတာ ဘိုင်ဒီယာက“လူတွေက ကာကွယ်ဆေးထိုးတာကို သတိပြုမိကြတဲ့အတွက် ခွေးရူးပြန်ရောဂါဟာ ဖြစ်ရိုးဖြစ်စဉ် ဟုတ်မနေပါဘူး။ ဒါပေမဲ့ ခွေးကိုက်ခံရသူတွေတော့ များလာပါပြီ” လို့ ပြောပါတယ်။
တိရစ္ဆာန်စောင့်ရှောက်ရေး အဖွဲ့အစည်း Mars Petcare ရဲ့ State of Pet Homelessness စစ်တမ်းအရ အိန္ဒိယနိုင်ငံမှာ ခွေးလေခွေးလွင့်ပေါင်း ၅၂ သန်းခွဲရှိပြီး ပိုင်ရှင်မဲ့ခွေး ၈ သန်းကတော့ ဂေဟာတွေမှာ ရှိနေကြပါတယ်။
ဒေလီတပြည်နယ်တည်းမှာ ခွေးလေခွေးလွင့်ပေါင်း ၁ သန်းလောက် ရှိတယ်လို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြပါတယ်။ အရေအတွက်ကိုတော့ သီးခြားအတည်ပြုလို့ မရပါဘူး။
အိန္ဒိယနိုင်ငံ ဒေလီမှာ ခွေးလေခွေးလွင့်တွေ အကိုက်ခံရတဲ့အပြင် အသေအပျောက်ပါ ရှိလာတဲ့ သတင်းအများအပြားကို ပြည်တွင်းမီဒီယာတွေက ဖော်ပြခဲ့ပြီးတဲ့နောက် အိန္ဒိယ ထိပ်တန်းတရားရုံးက ဒီအမှုကို ကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။
Source: Reuters