Home
မြန်မာသတင်း
ခင်ဦးတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စပါးစိုက်ခင်း ဧက ၁၀၀၀ ကျော် ရေနစ်မြုပ်ပျက်စီး
DVB
·
August 21, 2025

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်းမှာ ဩဂုတ် ၁၉ ရက် ညက မိုးသည်းထန် ရွာခဲ့တာကြောင့် လယ်ယာမြေ စပါးစိုက်ခင်းတွေ ရေနစ်မြုပ် ပျက်စီးနေတယ်လို့ ဒေသခံ တောင်သူလယ်သမားတွေဆီက သိရပါတယ်။

ပျက်စီးနစ်မြုပ်နေတဲ့ လယ်ယာမြေတွေဟာ ခင်ဦးမြို့နယ်အလယ်ခြမ်းနဲ့ အနောက်ခြမ်းက  လယ်ယာမြေတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။

ခင်ဦးမြို့နယ်အနောက်ခြမ်းက တောင်သူတယောက်က “ဆုံးရှုံးနစ်နာမှုကတော့ များတယ်ရှင့်။ ခင်ဦးမြို့နယ် အလယ်ခြမ်းနဲ့ ခင်ဦးမြို့နယ်အနောက်ခြမ်းက မူးမြစ်နဲ့ ချောင်းတွေဘေးက လယ်တွေ အပျက်အစီးများတယ်။ ရွာ ၁၅ ရွာလည်း ရေဝင်ပြီး နစ်မြုပ်နေတယ်။ လယ်တွေက ဒီအချိန်မှာ စိုက်ပျိုးပြီးစအချိန်လည်း ဖြစ်ပါတယ်။ နောက်ပြီး ပျိုးထောင်ထားတဲ့ မျိုးစပါးပင်တွေပါ နစ်မြုပ်တော့ အကုန်လုံး ဆုံးရှုံးသွားတယ်လို့ ပြောရမယ်။ စပါးပင်ရဖို့ ပျိုးထောင်တဲ့ စပါးစိုက်ခင်း ဆိုရင် ၃ လနီးပါး ပျိုးထောင်ရတယ်။ အဲဒီကနေ ခွဲပြီး လယ်မှာ ကောက်စိုက်ရတာ။ အခုက စိုက်ပြီးသားလယ်တွေရော၊ ပျိုးထောင်စပါးခင်းတွေရော အကုန်နစ်နေတာ။ အခုအထိ ရေက ပြန်မကျသေးဘူး” လို့  ပြောပါတယ်။

နစ်မြုပ်တဲ့ လယ်ဧကဟာ ဧက ၁,၀၀၀ အထက်မှာရှိပြီး ရွာ ၁၅ ရွာက ၂၀,၀၀၀ နီးပါးရှိတဲ့ ပြည်သူတွေ‌‌ဟာ အကူအညီတွေ လိုအပ်‌နေတယ်လို့လည်း သိရပါတယ်။

ဒေသခံတယောက်က “အရင်နှစ်တွေကလည်း အခုလို ရေကြီးရေလျှံဖြစ်ခဲ့ပေမဲ့ အခုနှစ်လောက် မဆိုးခဲ့ဘူး။ ဒီနှစ်က အတော်လေးကို ဆိုးဆိုးဝါးဝါးပါပဲ။ စပါးစိုက်အချိန်လည်းဖြစ်တော့ တောင်သူတွေ လုပ်ရကိုင်ရတာ အဆင်မပြေကြသလို ဆုံးရှုံးမှုကလည်း အတော်ကြီးမားတယ်ဗျ။ မျိုးစပါးဈေးကလည်း ကြီးသလို ကောက်စိုက်လုပ်အားခကလည်း ကြီးတယ်။ နောက်ပြီး ဒေသတွင်းမှာလည်း ကုန်ဈေးနှုန်းကလည်း ကြီးတော့ အတော်လေး အခက်ကြုံရပါတယ်။ လောလောဆယ်တော့ ဘယ်အဖွဲ့အစည်းကမှ ကူညီမှုမရှိသေးပါဘူး” လို့ ပြောပါတယ်။

ခင်ဦးမြို့နယ်ဟာ စစ်ကောင်စီက စစ်ကိုင်းတိုင်းအတွင်း စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ ၉ မြို့ထဲမှာ ပါဝင်တဲ့ မြို့နယ်တခုလည်း ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013