
ဟားမာတ်စ်အဖွဲ့ဟာ ဓားစာခံတွေကို လွှတ်ပေးခြင်းအပါအဝင် ဂါဇာစစ်ပွဲ အဆုံးသတ်ရေး အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ပ်ရဲ့ အစီအစဉ်ထဲက စည်းမျဉ်းတချို့ကို သဘောတူမယ်လို့ အောက်တိုဘာ ၃ ရက်မှာ ပြောပါတယ်။
လက်နက်ဖျက်သိမ်းရေးလို ပြင်းထန်တဲ့ ပြဿနာတွေကိုတော့ ဖြေရှင်းဖို့ ရှောင်လွှဲကာ နောက်ထပ် ညှိနှိုင်းမှုတွေ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။
ပါလက်စတိုင်း အမျိုးသား အထွေထွေသဘောတူညီမှုအပေါ် အခြေခံပြီး အာရပ်နဲ့ အစ္စလမ် နိုင်ငံတွေရဲ့ ပံ့ပိုးမှုနဲ့ လွတ်လပ် အမှီအခိုကင်းတဲ့ ပညာရှင်တွေပါဝင်တဲ့ ပါလက်စတိုင်းအဖွဲ့ဆီကို ဂါဇာအုပ်ချုပ်မှု လွှဲပြောင်းပေးဖို့ အသင့်ပါပဲလို့ ဟားမတ်စ်အဖွဲ့ က ပြောပါတယ်။
ဟားမတ်စ်အကြီးတန်းအရာရှိ မိုဆာ အဘူ မားဇော့ခ် က အောက်တိုဘာ ၃ ရက်မှာ အယ်လ်ဂျာဇီးရား သတင်းဌာနနဲ့ သီးသန့်အင်တာဗျူးတခုမှာ အစ္စရေးတွေရဲ့ သိမ်းပိုက်မှု အဆုံးမသတ်မချင်း ဟားမတ်စ်က လက်နက်ဖြုတ်သိမ်းမှာ မဟုတ်ကြောင်းနဲ့ ဂါဇာကမ်းမြောင်ရဲ့ အနာဂတ်နဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကို ဟားမတ်စ်လည်း တစိတ်တပိုင်းပါဝင်တဲ့ အမျိုးသားရေး မူဘောင်အတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသင့်ကြောင်း ပြောပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ပ် ကတော့ ဂါဇာစစ်ပွဲအဆုံးသတ်ရေး အစီအစဉ်တချို့ကို ဟားမတ်စ်က သဘောတူမယ်လို့ တုံ့ပြန်လာပြီးနောက်မှာ အစ္စရေးကို ဂါဇာကမ်းမြောင်ဒေသအား ဗုံးကြဲတိုက်ခိုက်မှုကို ချက်ချင်းရပ်တန့်ဖို့ အောက်တိုဘာ ၃ ရက်မှာ ပြောကြားလိုက်ပါတယ်။
ဟားမတ်စ်အဖွဲ့ရဲ့ ထုတ်ပြန်ချက်အပေါ် အခြေခံပြီး သူတို့ဟာ ထာဝရငြိမ်းချမ်းရေးအတွက် အဆင်သင့်ဖြစ်နေပြီလို့ ယုံကြည်ကြောင်းလည်း ထရမ့်ပ်က သူ့ရဲ့ ထရုသ်ဆိုရှယ်မှာ ပို့စ်တင်ထားပါတယ်။
အမေရိကန်သမ္မတဟာ ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ဆီ အဆိုပြုချက်ကို လက်ခံမလား၊ ပယ်ချမလား တနင်္ဂနွေနေ့အထိ ကမ်းလှမ်းခဲ့ပြီးနောက်မှာ ဟားမာတ်စ်က ထရမ့်ပ်ရဲ့ အချက် ၂၀ ပါ အစီအစဉ်ကို တုံ့ပြန်ခဲ့တာပါ။
အဲဒီအစီအစဥ်ရဲ့ စည်းမျဉ်းတွေနဲ့ပတ်သက်ပြီး နောက်ထပ် ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဖို့ကိုတော့ အမေရိကန် သို့မဟုတ် အစ္စရေးက ဆန္ဒ ရှိ မရှိ မရှင်းလင်းသေးပါဘူး။
အစ္စရေးနဲ့ အမေရိကန်တို့ လိုလားနေတဲ့အချက်ဖြစ်တဲ့ ဟားမတ်စ်ကို လက်နက်ဖြုတ်သိမ်းပြီး ဂါဇာကမ်းမြောင်ဒေသကို စစ်ကင်းစင်ရေးကို သဘောတူဖို့ကို မပြောဆိုသေးပေမဲ့ ဒါကို အရင်က ငြင်းဆန်ထားတာပါ။
ဒါ့အပြင် ဂါဇာကနေ အစ္စရေးတပ်တွေ အဆင့်ဆင့် ဆုတ်ခွာသွားမှာကို သဘောမတူထားဘဲ အလုံးစုံ ဆုတ်ခွာသွားဖို့ကိုပဲ ဟားမာတ်စ်က လိုလားတာဖြစ်ပါတယ်။
အိမ်ဖြူတော်ကတော့ မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်း တုံ့ပြန်ခြင်း မရှိပါဘူး။
သောကြာနေ့ အစောပိုင်းကတော့ ဟားမတ်စ်တွေကို အဆိုပြုချက်အား လက်ခံဖို့ တိုက်တွန်းခဲ့ပြီး အဲလိုမှ မဟုတ်ပါက ဆိုးရွားတဲ့ အကျိုးဆက်တွေကို ရင်ဆိုင်ရလိမ့်မယ်လို့ ပြောပါတယ်။
အဆိုပြုချက်ကို ထောက်ခံထားတဲ့ အစ္စရေးဘက်မှလည်း ချက်ချင်း မှတ်ချက်မပေးခဲ့ပါဘူး။
Source:Reuters