
မြေထဲပင်လယ်ထဲက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ တင်လာတဲ့ ရေယာဉ်အုပ်စုကို အစ္စရေးစစ်တပ်က ကြားဖြတ်ဖမ်းဆီးပြီးတဲ့နောက် တက်ကြွလှုပ်ရှားသူတွေကို ပြန်လွှတ်ပေးဖို့ အောက်တိုဘာ ၁ ရက်မှာ အာဂျင်တီးနား၊ တူရကီနဲ့ တူနီးရှား နိုင်ငံတွေမှာ ဆန္ဒပြသူတွေက ချီတက်ခဲ့ကြပါတယ်။
ရာနဲ့ချီတဲ့ တက်ကြွလှုပ်ရှားသူတွေနဲ့ အကူအညီပေးရေးပစ္စည်းတွေကို တင်ဆောင်ထားတဲ့ ကမ္ဘာလုံးဆိုင်ရာ စူမု(ဒ်) ရေယာဉ်အုပ်စုကို အစ္စရေးစစ်တပ်က စီးနင်းခဲ့တယ်လို့ စီစဉ်သူတွေက ပြောပါတယ်။
ကြားဖြတ်ဟန့်တားမှုဟာ “ရာဇ၀တ်မှုဆိုင်ရာ တိုက်ခိုက်မှု” နဲ့ နိုင်ငံတကာဥပဒေကို ချိုးဖောက်တဲ့ လုပ်ရပ်လို့ ပြောရင်း အစ္စရေးရဲ့လုပ်ရပ်ကို ရှုတ်ချဖို့ ရှေ့နေနဲ့ တက်ကြွလှုပ်ရှားသူ မေရီယံ ဘရဂ်မဲန်းက ကမ္ဘာ့ခေါင်းဆောင်တွေကို တိုက်တွန်းခဲ့ပါတယ်။
အာဂျင်တီးနားနိုင်ငံမြို့တော် ဘွေနော့အေးရီးစ်မှာ ဆန္ဒပြသူတွေက အစ္စရေးသံရုံးအပြင်ဘက်မှာ ပါလက်စတိုင်းအလံတွေကို ဝှေ့ယမ်းကာ ကြွေးကြော်သံတွေကို ဟစ်ကြွေးခဲ့ပါတယ်။
ရေယာဉ်စု အဖွဲ့သားဟောင်း ဟွမ်ကားလေ့ာစ်ဂျော်ဒါနိုက “နေတန်ယာဟုက ကျနော်တို့ကို အကြမ်းဖက်သမားတွေလို့ ခေါ်ပေမဲ့ ကျနော်တို့က ဆေးဝါးနဲ့ အစားအစာတွေပဲ ယူဆောင်လာတာပါ” လို့ ပြောပါတယ်။
တူရကီနိုင်ငံရဲ့ မြို့တော် အစ္စတန်ဘူလ်က အမေရိကန်နဲ့ အစ္စရေး ကောင်စစ်ဝန်ရုံး အပြင်ဘက်မှာ တူရကီနိုင်ငံသားတွေဟာ ဂါဇာကမ်းမြောင်ဒေသဆီ အကူအညီတွေ သယ်လာတဲ့ ရေယာဉ်စုကို အစ္စရေးက ကြားဖြတ်ဟန့်တားတာကို ဆန့်ကျင်ကန့်ကွက်ဖို့ အောက်တိုဘာ ၁ ရက်မှာ စုဝေးခဲ့ကြပါတယ်။
ကောင်စစ်ဝန်ရုံး ၂ ခု အပြင်ဘက်မှာ လူရာပေါင်းများစွာက ပါလက်စတိုင်းတွေနဲ့ Global Sumud Flotilla တို့ကို ထောက်ခံတဲ့ ကြွေးကြော်သံတွေ ကြွေးကြော်ခဲ့ကြပါတယ်။
အစ္စရေးက ကြားဖြတ်ဟန့်တားတာကို ကန့်ကွက်တဲ့အနေနဲ့ တူနီးရှားမြို့တော် ကျူးနစ္စမှာ ဆန္ဒပြသူတွေက အောက်တိုဘာ ၁ ရက်မှာ စုဝေးခဲ့ကြပါတယ်။
ပါလက်စတိုင်းသားတွေ၊ လွှတ်တော်အမတ်တွေ၊ ရှေ့နေတွေနဲ့ တက်ကြွလှုပ်ရှားသူတွေ အပါအဝင် လူ ၅၀၀ လောက်ပါတဲ့ အရပ်သားလှေ အစီး ၄၀ က ဂါဇာကမ်းမြောင်ဒေသဆီ ဖြတ်ကျော်ရောက်ရှိဖို့ ကြိုးပမ်းနေပါတယ်။
အစ္စရေးတပ်ဖွဲ့ဝင်တွေက ဂါဇာကမ်းမြောင်ဒေသဆီ အကူအညီတွေ သယ်ဆောင်လာတဲ့ ပြည်ပတက်ကြွလှုပ်ရှားသူတွေရဲ့ လှေတွေကို အစ္စရေးဆိပ်ကမ်းတခုဆီ ခေါ်ဆောင်သွားခဲ့တာပါ။
အစ္စရေးရဲ့ နယ်မြေပိတ်ဆို့ခြင်းကို ဆန့်ကျင်တဲ့ အထင်ရှားဆုံး သင်္ကေတတခုဖြစ်လာတဲ့ ဆန္ဒပြမှုကို အစ္စရေးစစ်တပ်က နှောင့်ယှက်ခဲ့ပါတယ်။
လှေတွေဟာ စစ်ဘေးသင့်ဒေသကနေ ရေမိုင် ၇၀ လောက်အကွာမှာ ကြားဖြတ်ဟန့်တားခံခဲ့ရပါတယ်။
လှေတချို့က တိုက်ရိုက်ကင်မရာကို အသုံးပြုခြင်း အပါအဝင် ဆက်သွယ်ရေးလမ်းကြောင်းတွေ ကစဉ့်ကလျား ဖြစ်နေတယ်လို့ ပွဲစီစဉ်သူတွေက ပြောခဲ့ကြပါတယ်။
Source: Reuters