Home
နိုင်ငံတကာ
ဂါဇာကမ်းမြောင်ကို အစ္စရေးအမြောက်တပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက် 
DVB
·
September 29, 2025
Photo: Reuters

အစ္စရေးစစ်တပ်နဲ့ သူ့ရဲ့ ရွေ့လျားအမြောက်တပ်ဖွဲ့တွေဟာ ဂါဇာနယ်စပ်ကနေ ဂါဇာဘက်ဆီ စက်တင်ဘာ ၂၈ ရက်မှာ ပစ်ခတ်ခဲ့ပါတယ်။

အစ္စရေး တင့်ကားတွေက ဂါဇာမြို့ရဲ့ လူနေရပ်ကွက်တွေကို စက်တင်ဘာ ၂၈ ရက်မှာ ပိုနက်နက်ရှိုင်းရှိုင်း ရွေ့လျားခဲ့တာပါ။

ဒေသန္တရကျန်းမာရေးအာဏာပိုင်တွေက ဒါဇင်နဲ့ချီတဲ့ ဖုန်းခေါ်ဆိုမှုတွေကို မတုံ့ပြန်နိုင်ခဲ့ဘဲ ပစ်မှတ်ထားခံရတဲ့ ဒေသတွေမှာ နေတဲ့သူတွေရဲ့ ကံကြမ္မာကို စိုးရိမ်တယ်လို့ ပြောခဲ့ကြပါတယ်။

လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း လေတပ်က စစ်သွေးကြွတွေနဲ့ စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံတွေ အပါအဝင် ဂါဇာတဝန်းက စစ်ဘက်ဆိုင်ရာ ပစ်မှတ် ၁၄၀ ကို တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။

ဂါဇာကမ်းမြောင်ဒေသ အယ်လ်နတ်ဆား ဧရိယာကို လေကြောင်းတိုက်ခိုက်မှုတခုအတွင်း လူ ၅ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသဆိုင်ရာ ကျန်းမာရေးအာဏာပိုင်တွေက ပြောပါတယ်။

ဂါဇာကမ်းမြောင် အလယ်ပိုင်းက လူနေအိမ်တွေ တိုက်ခိုက်ခံရလို့ နောက်ထပ် သေဆုံးသူ ၁၆ ယောက် ရှိခဲ့တယ်လို့ ဆေးပညာရှင်တွေက သတင်းထုတ်ပြန်ခဲ့ပြီး တနင်္ဂနွေနေ့မှာ လူ ၂၁ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။

နူဆေးရတ် ဒုက္ခသည်စခန်းမှာ ပါလက်စတိုင်း ၁၀ ယောက်ထက်မနည်းနဲ့ ဂါဇာစီးတီးမှာ ၁၅ ယောက် အပါအဝင် ဂါဇာမှာ အစ္စရေးရဲ့ တိုက်ခိုက်မှုအတွင်း ပါလက်စတိုင်း ၄၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ အယ်လ်ဂျာဇီးယား သတင်းဌာနက ထုတ်ပြန်ပါတယ်။

အသက် ၂ လခွဲအရွယ် ကလေးငယ်တယောက်လည်း အယ်လ်နူဆေးရတ်ဒေသမှာ အာဟာရချို့တဲ့ပြီး ဆေးကုသမှု မခံယူနိုင်လို့ သေဆုံးသွားခဲ့တယ်လို့လည်း ပြောပါတယ်။

အစ္စရေးတပ်ဖွဲ့တွေက အခြေခံအဆောက်အအုံတွေ၊ လူနေအိမ်တွေ၊ အဆောက်အအုံတွေ၊ ရပ်ကွက်တွေကို ဖျက်ဆီးနေပြီး ဒဏ်ရာရသူတွေနဲ့ အပျက်အစီးတွေအောက်မှာ ပိတ်မိနေသူတွေက ဆေးဘက်ဆိုင်ရာအဖွဲ့တွေဆီ ဆက်သွယ်ဖို့ ခက်ခဲနေတယ်လို့ အခင်းဖြစ်ရာနေရာမှာ ရှိနေတဲ့ အယ်လ်ဂျာဇီးယား သတင်းအဖွဲ့တွေက ပြောပါတယ်။

အစ္စရေးရဲ့ စစ်ပွဲကို တာဝန်ယူပြီး အဆုံးသတ်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို ဆော်ဒီအာရေဗျ နိုင်ငံခြားရေးဝန်ကြီးနဲ့ တော်ဝင်မင်းသား ဖိုင်စယ်ဘင် ဖာဟန် အယ်လ်ဆွဒ်က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ တောင်းဆိုလိုက်ပါတယ်။

ဂါဇာမှာ အစ္စရေးရဲ့ စစ်ပွဲကြောင့် လူ ၆၆,၀၀၅ ယောက်ထက်မနည်း သေဆုံးပြီး ၁၆၈,၁၆၂ ယောက် ဒဏ်ရာရရှိခဲ့ပြီးပါပြီ။

၂၀၂၃ ခုနှစ် အောက်တိုဘာလကစပြီး ပျောက်ဆုံးနေသူ ထောင်ချီဟာ အပျက်အစီးတွေအောက်မှာ နစ်မြုပ်နေနိုင်တယ်လို့ ယုံကြည်ကြပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့က ဟားမတ်စ်တွေရဲ့ တိုက်ခိုက်မှုအတွင်း အစ္စရေးမှာ စုစုပေါင်း လူ ၁,၁၃၉ ယောက် သေဆုံးခဲ့ပြီး ဓားစာခံ အယောက် ၂၀၀ လောက်ကို ဖမ်းဆီးထားခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013