Home
နိုင်ငံတကာ
ဂါဇာအကူအညီ ရေယာဉ်အုပ်စုဟန့်တားခံရ၊ ဂါဇာတွင် အစ္စရေးတိုက်ခိုက်မှုကြောင့် လူ ၆၀ ကျော်သေဆုံး
DVB
·
October 2, 2025

ဂါဇာကမ်းမြောင်အတွက် အကူအညီတွေ သယ်ဆောင်လာတဲ့ ရေယာဉ်အုပ်စုကို အစ္စရေး ရေတပ်သင်္ဘောတွေက ဟန့်တားလိုက်ပြီး လိုက်ပါလာတဲ့ တက်ကြွလှုပ်ရှားသူတွေကို ထိန်းသိမ်းလိုက်ပါတယ်။

အောက်တိုဘာ ၁ ရက် နှောင်းပိုင်း  ဂါဇာကမ်းခြေနဲ့ ရေမိုင် ၇၀ အကွာလောက် အရောက်မှာ ဝင်ရောက်စီးနင်းခံရတာဖြစ်ပြီး အစ္စရေးဆိပ်ကမ်းတခုကို ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

လှေအစင်း ၅၀ နီးပါးနဲ့ လူ ၅၀၀ လောက်ပါဝင်တဲ့ Global Sumud Flotilla ရေယာဉ်အုပ်စုဟာ ဂါဇာရဲ့ ရေကြောင်းထွက်ပေါက် ပိတ်ဆို့ခံထားရတာ၊ အကူအညီတွေ ဝင်ရောက်ခွင့် ကန့်သတ်ခံထားရတာကို မီးမောင်းထိုးပြဖို့ လူသားချင်းစာနာမှု အကူအညီတွေကို သင်္ကေတသဘော ပမာဏလောက်သာ ယူဆောင်လာတာပါ။

ဒီအဖွဲ့မှာ ဆွီဒင် သဘာဝပတ်ဝန်းကျင် တက်ကြွလှုပ်ရှားသူ ဂရီတာ သန်းဘာ့ဂျ်၊ နယ်လ်ဆင်မင်ဒဲလားရဲ့မြေး မန်ဒလာ မင်ဒဲလားနဲ့ ဥရောပလွှတ်တော်အမတ်တချို့လည်း ပါဝင်ပါတယ်။

အစ္စရေးဘက်ကတော့ ဒီလှုပ်ရှားမှုဟာ လူသားချင်းစာနာမှုအတွက် မဟုတ်ဘဲ ရန်စတဲ့လုပ်ရပ်သာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

ရေယာဉ်အုပ်စုဘက်ကတော့ သူတို့ရဲ့သင်္ဘောတွေကို နိုင်ငံတကာရေပိုင်နက်ထဲမှာ တရားမဝင် စီးနင်းခဲ့တာဖြစ်ပြီး ဒါဟာ “စစ်ရာဇဝတ်မှု” ဖြစ်တယ်လို့ ပြစ်တင်ပြောဆိုပါတယ်။

ဒီစီးနင်းမှုကို တူရကီနိုင်ငံခြားရေးဝန်ကြီးဌာနက “အကြမ်းဖက်လုပ်ရပ်” လို့ ခေါ်ဝေါ်ခဲ့ပြီး အီတလီနိုင်ငံတဝန်းမှာလည်း ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်ကလည်း ဒီရေယာဉ်အုပ်စုကို ဒရုန်းတွေက stun grenade တွေ၊ ယားယံစေတဲ့ အမှုန့်တွေ ကြဲချ တိုက်ခိုက်ခဲ့ပါသေးတယ်။

ဒီဟန့်တားမှုကို တုံ့ပြန်တဲ့အနေနဲ့ ကိုလံဘီယာသမ္မတကတော့ ကျန်ရှိနေတဲ့ အစ္စရေးသံတမန် အားလုံးကို နိုင်ငံကနေ နှင်ထုတ်လိုက်ပြီး ဒါဟာ နိုင်ငံတကာရာဇဝတ်မှု ဖြစ်တယ်လို့ ရှုတ်ချခဲ့ပါတယ်။

ဒါ့အပြင် ကိုလံဘီယာဟာ အစ္စရေးနဲ့ ၂၀၂၀ ကတည်းက ချုပ်ဆိုထားတဲ့ လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက်ကိုလည်း ဖျက်သိမ်းခဲ့ပါတယ်။

အနည်းဆုံး နိုင်ငံသား ၇ ယောက် ထိန်းသိမ်းခံထားရတဲ့ အိုင်ယာလန်အစိုးရကလည်း အခြေအနေကို စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။

ဂါဇာကမ်းမြောင်မှာ အရုဏ်တက်ချိန်ကတည်းက အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့်  အနည်းဆုံး လူ ၆၁ ယောက် သေဆုံးခဲ့တယ်လို့ အယ်လ်ဂျာဇီးယား သတင်းဌာနက အောက်တိုဘာ ၁ ရက် ည ၁၀ နာရီမှာ ဖော်ပြပါတယ်။ 

အစ္စရေးက ဂါဇာမြို့ကို ထပ်ပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဂါဇာကမ်းမြောင်ဒေသမှာ ပေါက်ကွဲမှုတွေ၊ မီးခိုးလုံးကို  အစ္စရေးတောင်ပိုင်းကနေ အောက်တိုဘာ ၁ ရက် မနက်ပိုင်းက မြင်တွေ့ရပါတယ်။

အစ္စရေး လေယာဉ်တွေနဲ့ တင့်ကားတွေက လူနေရပ်ကွက်တွေကို ညလုံးပေါက် ပစ်ခတ်ခဲ့တယ်လို့ ဂါဇာမြို့ခံတွေက ပြောပါတယ်။

ဂါဇာကမ်းမြောင်ဒေသတ၀န်း အစ္စရေးစစ်တပ်ကသတ်လို့ အောက်တိုဘာ ၁ ရက်မှာ လူ ၃၅ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသန္တရ ကျန်းမာရေး အာဏာပိုင်တွေက ပြောကြားခဲ့ပြီး သေဆုံးသူ အများစုက ဂါဇာမြို့ကလူတွေလို့ ဆိုပါတယ်။

ဂါဇာမြို့တော်မှာ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်မှုကြောင့်  လူတွေကို တောင်ဘက်ဆီ ထွက်ဖို့ အမိန့်အသစ်ထုတ်ပြန်ခဲ့ပြီး သူတို့ကို မြောက်ပိုင်းဆီ ပြန်ခွင့်ပြုတော့မှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။

ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်း ခန်းယူးနစ်မြို့မှာ ကယ်ဆယ်ရေးအကူအညီရဖို့ ကြိုးစားသူ ၂ ယောက် သေဆုံးခဲ့တယ်လို့ နတ်ဆားဆေးဘက်ဌာန ဆေးဘက်ဆိုင်ရာ သတင်းရင်းမြစ်တွေက ပြောပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ဂါဇာကမ်းမြောင်စီမံကိန်းကို ဟားမတ်စ်တွေက ဒုတိယမြောက်နေ့အဖြစ် ပြန်သုံးသပ်နေတယ်လို့ ဟားမတ်စ်တွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

တခြား ပါလက်စတိုင်းအဖွဲ့ခွဲတွေက ကမ်းလှမ်းမှုကို ပယ်ချခဲ့သလို ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့နဲ့ ၂ နှစ်နီးပါးကြာ စစ်ပွဲအဆုံးသတ်ရေး ထရမ့်ပ်ရဲ့ အဆိုပြုချက်ကို အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ထောက်ခံခဲ့ပြီး အခုသီတင်းပတ်မှာ ထရမ့်ပ်က ဟားမတ်စ်ကို တုံ့ပြန်ဖို့  ၃ ရက် ဒါမှမဟုတ် ၄ ရက် အချိန်ပေးခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013