Home
မြန်မာသတင်း
ရွေးကောက်ပွဲဥပဒေကို ချိုးဖောက်ပြီး ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ မဲဆွယ်နေ
DVB
·
September 29, 2025

ရွေးကောက်ပွဲဥပဒေနဲ့ ပါတီမှတ်ပုံတင် ဥပဒေ၊ နည်းဥပဒေတွေကို ကျော်လွန်ပြီး စစ်တပ်ပါတီဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီဟာ  စက်တင်ဘာ ၂၈ ရက်မှာ မဲဆွယ်စည်းရုံးတာကို စတင်လုပ်ဆောင်နေ ပါတယ်။

ရွေးကောက်ပွဲမကျင်းပခင် ရက်ပေါင်း ၆၀ အတွင်းမှာသာ မဲဆွယ်စည်းရုံးရမယ်လို့ ဥပဒေက ပြဋ္ဌာန်းထားတဲ့အပြင် စစ်ကောင်စီဩဇာခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ကလည်း မဲဆွယ်ခွင့်ကာလကို လက်ရှိမှာ သတ်မှတ်ကြေညာပေးခြင်း မရှိသေးပါဘူး။

UEC က အဲဒီလို သတ်မှတ်ခြင်း မရှိသေးပေမဲ့ စက်တင်ဘာ ၂၈ ရက် ညပိုင်းမှာ ဦးခင်ရီက သူ့ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ကနေတဆင့် အချိန် တမိနစ်ခွဲဝန်းကျင်ရှိတဲ့ ဟောပြောချက် ရုပ်သံဖိုင်ကို တင်ခဲ့တာ တွေ့ရပါတယ်။

ဦးခင်ရီက “နားထောင်ကောင်းရုံသက်သက် ဆောင်ပုဒ်တွေလို အလွတ်ရွတ်ပြနေမယ့်အစား တကယ့်ကို အရွေ့ရှိတဲ့ ရလဒ်ကောင်းတွေ ပေါ်ထွက်လာတာနဲ့အတူ ဒီရလဒ်တွေကို အချိန်ကန့်သတ်ချက် သတ်မှတ်ပြီး သက်သေပြနိုင်ဖို့ ကျနော်တို့ အဆင်သင့်ရှိပါတယ်။ ကျနော်တို့မှာ ဒီလမ်းစဉ်တွေကို အကောင်အထည်ဖော်ဖို့ အရည်အချင်းရှိတဲ့ လူပုဂ္ဂိုလ်တွေ အပြည့်အဝရှိပါတယ်” လို့ အဲဒီ‌ရုပ်သံဖိုင်မှာ ထည့်သွင်း ပြောကြားသွားပါတယ်။

နိုင်ငံရေး ပါတီတွေ မဲဆွယ်စည်းရုံးခွင့်နဲ့ ပတ်သက်လို့ နိုင်ငံပိုင်ရေဒီယိုနဲ့ ရုပ်မြင်သံကြား အစီအစဉ်တွေကတဆင့် ဟောပြောတင်ပြချက်တွေကို လာမယ့် အောက်တိုဘာ ၂၈ ရက်ကနေ ဒီဇင်ဘာ ၂၆ ရက်အထိ ခွင့်ပြုပေးသွားမယ်လို့လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြီးခဲ့တဲ့ရက်ပိုင်းက ကြေညာထားပါတယ်။

ဟောပြောတင်ပြချင်တဲ့ နိုင်ငံရေးပါတီတွေအနေနဲ့ သက်ဆိုင်ရာ ပါတီဥက္ကဋ္ဌ ဒါမှမဟုတ် အတွင်းရေးမှူးက အောက်တိုဘာ ၁၅ ရက် နောက်ဆုံးထားပြီး UEC ထံကို ဟောပြောမယ့် စာမူနဲ့အတူ ခွင့်ပြုမိန့် လျှောက်ရမယ်လို့ ညွှန်ကြားထားတာကိုလည်း တွေ့ရပါတယ်။

အဲဒီလို ကြေညာထားပေမဲ့ UEC ရဲ့ သတ်မှတ်ရက်မတိုင်မီ တလအလိုမှာ အခုလို ပါတီဥက္ကဋ္ဌ တယောက်က လူမှုကွန်ရက်ကနေ မဲဆွယ်မှုဟာ ဥပဒေနဲ့ညီရဲ့လားလို့လည်း ရွေးကောက်ပွဲ စောင့်ကြည့်သူတချို့က မေးခွန်းထုတ်ပါတယ်။

ပါတီတခုရဲ့ တာဝန်ရှိသူတယောက်က “တရားဝင် မဲဆွယ်ခွင့်က ရွေးကောက်ပွဲမစမီ ရက်ပေါင်း ၆၀ ပေါ့ဗျာ။ အဲဒီမှာ ရုပ်မြင်သံကြားတို့၊ ရေဒီယိုတို့ကနေ ဟောပြောခွင့်ကိုတော့ လာမယ့် အောက်တိုဘာ ၂၈ ရက်မှ စမယ်လို့ ဟိုရက်က UEC က ကြေညာတာပေါ့။ အခုဟာက တရားဝင်လား၊ ဥပဒေကို ကျော်လွန်သလား ဆိုတာကတော့ မေးခွန်းထုတ်စရာပေါ့ဗျာ” လို့ ပြောပါတယ်။

မြန်မာနိုင်ငံက ပြည်သူတွေအနေနဲ့ အတ္တနိုင်ငံရေးသမားတွေကြောင့် အကြမ်းဖက်မှုတွေနဲ့ ကြောက်ရွံ့တုန်လုပ်မှုတွေကို အချိန်ကာလတခုအထိ ခံစားနေကြရတယ်လို့လည်း ဦးခင်ရီက သူ့ရဲ့ ဟောပြောချက်ထဲမှာ ထည့်ပြောသွားပါတယ်။

၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းကာ အာဏာသိမ်းထားတဲ့ စစ်အုပ်စုက လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ ရွေးကောက်ပွဲ ကျင်းပပြီး အနိုင်ရတဲ့ပါတီကို အာဏာပြန်လွှဲမယ်လို့ ပြောထားပေမဲ့ အင်အားကြီး အတိုက်အခံပါတီတွေ မပါတဲ့ ရွေးကောက်ပွဲဖြစ်တဲ့အတွက် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီကသာ အာဏာရဖို့များနေတာလည်း ဖြစ်ပါတယ်။

တဖက်မှာလည်း ရွေးကောက်ပွဲကို ကန့်ကွက်သပိတ်မှောက်ကြဖို့ လှုံ့ဆော်မှုတွေရှိနေပြီး ရွေးကာဥပဒေနဲ့ အရေးယူခံရမှုတွေကလည်း ရှိလာနေပါတယ်။

စစ်အုပ်စုကတော့ ဒီဇင်ဘာ ၂၈ ရက်မှာ မြို့နယ်ပေါင်း ၁၀၂ မြို့နယ်မှာ ရွေးကောက်ပွဲ အပိုင်း ၁ အနေနဲ့ စတင်ကျင်းပမယ်လို့ ကြေညာထားပြီး ကြံ့ခိုင်ရေးပါတီက လွှတ်တော် ၃ ရပ်အတွက် အမတ်လောင်း ၁,၀၀၀ ကျော် အမည်စာရင်းတင်သွင်းထားတယ်လို့ UEC က ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အသိပေးထားပါတယ်။

အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲ့ တော်လှန်ရေး အင်အားစုတွေက ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013