Home
မြန်မာသတင်း
ရွေးကောက်ပွဲဥပဒေဖြင့် အမျိုးသား ၉ ဦး ထပ်မံ ဖမ်းဆီးအမှုဖွင့်ခံရ
DVB
·
September 23, 2025

ရွေးကောက်ပွဲကို ပျက်ပြားအောင် လှုံ့ဆော်တယ်ဆိုတဲ့ အကြောင်းပြနဲ့ စစ်ကောင်စီက ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်က အမျိုးသား ၄ ယောက်နဲ့ ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့က လူငယ် ၅ ယောက်ကို ဖမ်းဆီးပြီး ရွေးကာဥပဒေပုဒ်မ ၂၃(က) နဲ့ အမှုဖွင့်လိုက်တယ်လို့ ထုတ်ပြန်ပါတယ်။

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ထန်းခြောက်ပင်လမ်းဆုံမှာ စက်တင်ဘာ ၁၆ ရက် ည ၁၀ နာရီက ဆိုင်ကယ်တစီးနဲ့ တို့အရေးအော်လို့ ဖမ်းဆီးခံရတဲ့ ရဲသူရအောင်၊ ကျော်ဝဏ္ဏ၊ ချစ်ဝင်းနဲ့ ပြေထွန်းတို့ကို ရွှေပြည်သာမြို့မရဲစခန်းက (ပ)အမှတ် ၃၄၇/၂၀၂၅/ ပုဒ်မ ၂၃(က) နဲ့ အမှုဖွင့်လိုက်တာပါ။

ရွှေပြည်သာမြို့နယ် အုပ်ချုပ်ရေးနဲ့ နီးစပ်သူတယောက်က “တခါတလေ မှားတဲ့အမှားမျိုးပါ၊ မူးနေတာလည်းပါတယ်၊ ခွင့်လွှတ်ပေးလို့ရတယ်၊ သူ့ထက်ဆိုးတဲ့ကိစ္စတွေတောင် ခံဝန်နဲ့ ပြန်လွှတ်တာ။ ဒါပေမဲ့ စစ်တပ်က မရဘူး၊ ရွေးကာဥပဒေနဲ့ဖမ်းပြီး အမှုဖွင့်မှ မျက်နှာရမှာ၊ အဲ့နေ့ညဖမ်း နောက်ရက် မြို့နယ်ကို တရားလိုလုပ်ပြီး အမှုဖွင့်ခိုင်းတာ၊ ရုံးထုတ်တာနဲ့ အမိန့်ချမယ်ထင်တယ်” လို့ ပြောပါတယ်။

စက်တင်ဘာ ၁၄ ရက်က ဖမ်းဆီးခဲ့တဲ့ ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့၊ ဒေါနိုးကူးရပ်ကွက်က အသက် ၁၄ နှစ်ကနေ အသက် ၁၈ နှစ်အရွယ်ရှိ ပိုင်စိုး (ခ) မျိုးမင်းခန့်၊ ဟန်ထွန်း (ခ) ရဲမင်းကိုကို၊ အောင်နိုင်လင်း၊ ဖြိုးပိုင်ဇေအောင်၊ ထွန်းနေဦးလှိုင်တို့ကိုလည်း လွိုင်ကော်မြို့မရဲစခန်းမှာ (ပ) အမှတ် ၂၁၈/၂၀၂၅ ပုဒ်မ ၂၃(က) နဲ့ အမှုဖွင့်လိုက်တာပါ။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်ကလည်း လှိုင်သာယာမြို့နယ်မှာ ရွေးကောက်ပွဲ ဆန့်ကျင်တဲ့စာတွေ လိုက်ကပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခဲ့တဲ့ အောင်ရဲထွဋ် (ခ) ရဲထွဋ်နဲ့ ရန်နိုင်ကြည်ဝင်း (ခ) အကြီးကောင်တို့ကိုလည်း လှိုင်သာယာအရှေ့ပိုင်းမြို့နယ် ရဲစခန်းက (ပ) ၈၁၇/၂၀၂၅၊ ရွေးကာဥပဒေပုဒ်မ ၂၃(က) နဲ့အမှုဖွင့်ထားပါတယ်။

ပထမဦးဆုံး ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၂၃(က) နဲ့ အမှုဖွင့်ခံရတဲ့ တောင်ကြီးမြို့က ကိုနေသွေးကို စက်တင်ဘာ ၉ ရက်မှာ စစ်ကောင်စီက ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့ပါတယ်။

လက်ရှိအခြေအနေအထိ တောင်ကြီး၊ လှိုင်သာယာ၊ ရွှေပြည်သာနဲ့ လွိုင်ကော်မြို့မှာ ရွေးကောက်ပွဲဥပဒေပုဒ်မ ၂၃(က) နဲ့ အမှုဖွင့်ခံရသူ ၁၂ ယောက်ရှိပြီး တယောက်ကို ထောင် ၇ နှစ် အမိန့်ချထားပါတယ်။

စစ်ကောင်စီကပြုလုပ်မယ့် ရွေးကောက်ပွဲကို နှောင့်ယှက်ဟန့်တားသူမှန်သမျှ သေဒဏ်အထိ အမိန့်ချနိုင်တဲ့ ရွေးကာဥပဒေကို ဇူလိုင် ၂၉ ရက် ညက စစ်ခေါင်းဆောင်က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တာပါ။

ရွေးကာဥပဒေလို့ခေါ်တဲ့ “ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ” မှာ အခန်း ၈ ခန်းနဲ့ ပုဒ်မ ၃၂ ခုရှိပြီး ထောင်ဒဏ် ၃ နှစ်ကနေ သေဒဏ်အထိ ချမှတ်နိုင်တဲ့ ပြစ်ဒဏ်တွေ ပါပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013