
စစ်ကောင်စီရုံးစိုက်တဲ့ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်နဲ့ လယ်ဝေးမြို့နယ်တို့မှာ လယ်ယာလုပ်ငန်းခွင်ကနေ ပြန်လာတဲ့ အမျိုးသား ၂ ယောက်ကို ဓားဦးချွန် ကိုင်ဆောင်လို့ဆိုပြီး စစ်ကောင်စီရဲတပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့ ဖြစ်စဥ်ကို သိရှိတဲ့သူတွေဆီက သိရပါတယ်။
စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့က စက်တင်ဘာ ၁၈ ရက်နေ့ ည ၇ နာရီ ၁၅ မိနစ်လောက်မှာ ဓားဦးချွန် ကိုင်ဆောင်တာကြောင့် ဆိုပြီး အသက် ၄၀ ကျော်အရွယ် ကိုနေဝင်းသူ (ခ) သိုက်ထွန်းနဲ့ အသက် ၃၇ နှစ်အရွယ် ကိုရဲထွန်း ဆိုသူတို့ကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
ဖြစ်စဥ်ကို သိရှိတဲ့သူတယောက်က “အဖမ်းခံရတဲ့ ၂ ယောက်လုံးက လယ်ယာလုပ်ငန်းခွင်ကနေ ပြန်လာရင်း စစ်ကောင်စီရဲတပ်ဖွဲ့နဲ့တိုးပြီး အဖမ်းခံရတာ။ ဓားတွေနဲ့ တွေ့တယ်ပေါ့။ နေပြည်တော်မှာ တော့ ခဲတံချွန်တဲ့ဓားတောင် မကိုင်ရဲလောက်တဲ့အထိ ဖြစ်နေပြီ” လို့ ပြောပါတယ်။
အဖမ်းခံရတဲ့ ကိုနေဝင်းသူ(ခ)သိုက်ထွန်းဟာ ဒက္ခိဏသီရိမြို့နယ်၊ ရွှေခဲအင်းကျေးရွာမှာ နေထိုင်သူဖြစ်ပြီး ပျဉ်းမနားမြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးထားကာ လယ်ဝေးမြို့နယ် သပြေကုန်းကျေးရွာမှာ နေထိုင်တဲ့ ကိုရဲထွန်းကိုတော့ လယ်ဝေးမြို့နယ်၊ သာဝတ္ထိနယ်မြေရဲတပ်ဖွဲ့က ဖမ်းထားတာလို့ သိရပါတယ်။
စစ်ကောင်စီ ရဲတပ်ဖွဲ့နဲ့နီးစပ်သူက “အဖမ်းခံရသူတွေကို အရိုးအသွား ၈ လက်မ ဓားနဲ့ အရိုးအသွား ၁၆ လက်မ ဓား ၂ ချောင်းနဲ့ အတူတွေ့လို့ စကစ ရဲက ဖမ်းခဲ့တာ။ အခု အမှုဖွင့်ထားပြီ” လို့ ပြောပါတယ်။
လက်ရှိမှာ ကိုနေဝင်းသူ(ခ)သိုက်ထွန်းနဲ့ ကိုရဲထွန်းတို့ကို စစ်ကောင်စီ လက်အောက်ခံရဲတွေက တရားလို ပြုလုပ်ပြီး လက်နက်ဥပဒေပုဒ်မ ၂၃(က) နဲ့ အသီးသီးအမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။