Home
မြန်မာသတင်း
ရန်ကုန်မြို့တော်ခန်းမရှေ့ လယ်သမားများ ဆန္ဒပြခွင့်မရ
DVB
·
September 19, 2025

အာဏာသိမ်း စစ်ကောင်စီလက်ထက်မှာ ငွေကြေးချမ်းသာသူတွေက စည်ပင်ဝန်ထမ်းနဲ့ ပေါင်းကာ ရန်ကုန်တိုင်းအတွင်း လယ်ယာမြေတွေကို အဓမ္မသိမ်းယူပြီး မြေဂရန်ထုတ်နေတဲ့အတွက် နစ်နာတဲ့ လယ်သမားတွေ စုပေါင်းကာ မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြဖို့ စာတင်ထားပေမဲ့ ခွင့်ပြုချက်မရဘူးလို့ လယ်သမားတွေဆီက သိရပါတယ်။

မြောက်ဒဂုံ၊ မြောက်ဥက္ကလာ၊ ဒလ၊ ဆိပ်ကြီးခနောင်တို၊ ရွှေပြည်သာ၊ တိုက်ကြီးနဲ့ မှော်ဘီမြို့က လယ်သမားတွေစုကာ ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြဖို့ စက်တင်ဘာ ၁၇ ရက်က ကျောက်တံတားရဲစခန်းကို စာတင်ခဲ့ပေမဲ့ ခွင့်မပြုဘူးလို့ ဒလမြို့ခံတယောက်က ပြောပါတယ်။

“ဒလမှာဆို လယ်ယာမြေတွေကို ငွေရှိတဲ့သူက ဂရန်ထုတ် ကျူးကျော်တွေဖယ်ခိုင်းပြီးရင် အုတ်တံတိုင်းခတ်ပစ်တာ ဘယ်လောက်ဆိုးလဲဆိုရင်၊ ဗိုလ်ရန်ပြေရပ်ကွက်က သောက်ရေကန်ပါ မြေဖို့ပြီး ဂရန်ထုတ်တာ၊ ရပ်ကွက်က မခံမရပ်နိုင်ပြီး ပဋိပက္ခဖြစ်မှ ဂရန်ကို ပြန်သိမ်းပြီး သောက်ရေကန်ပြန်ဖော်တာ၊ ဖြစ်စဥ်တွေအရမ်းများလာလို့ မြို့နယ်တွေစုပြီး ဆန္ဒပြဖို့ စာတင်တယ် ခွင့်မပြုဘူး။”

မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်၊ ပုဂံလမ်းမပေါ်က လယ်ယာမြေတွေကို မြို့သစ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းက မတရားသိမ်းယူပြီး ပြန်ရောင်းကာ ဝယ်ယူသူတွေက လမ်းမတလျှောက် အထပ်မြင့်တိုက်တွေ ဆောက်ထားပြီး တိုင်ကြားပေမဲ့ မထူးခြားဘူးလို့ လယ်သမားတယောက်က  ပြောပါတယ်။

“ရွှေပေါက်ကံက အုပ်ချုပ်ရေးမှူး နိုင်ဝင်းဆို မြို့နယ်ရုံးဘေးက လယ်ယာမြေတွေကို အကွက်ရိုက် ရောင်းစားတယ်။ လယ်သမားကတိုင်တယ်။ ဘာမှမဖြေရှင်းဘူး။ အခုဆို ဝယ်တဲ့သူက အိမ်ဆောက်လို့ EPC ကတောင် မီတာချပေးနေပြီ။ အကုန်လုံးပေါင်းစားကြတော့ အရေးယူမယ့်သူ မရှိဘူး။”

ကျောက်တံတားမြို့နယ်ရဲစခန်းက စစ်ထောက်ခံပွဲ၊ တိုင်းရင်းသားလက်နက်ကိုင်တွေ ဆန့်ကျင် ဆန္ဒပြပွဲတွေကို မြို့တော်ခန်းမရှေ့မှာလုပ်ဖို့ ခွင့်ပြုပေမဲ့ လယ်ယာမြေတွေကို ဂရန်ထုတ်ပေးတဲ့ မြိုတော်စည်ပင်ကို ဆန္ဒပြမှာကိုတော့ ခွင့်မပြုဘူးလို့ မြောက်ဒဂုံက လယ်သမားတယောက်က ပြောပါတယ်။

“ရဲစခန်းက စစ်တပ်ထောက်ခံပွဲ မဟုတ်လို့လား။ ဒါမှမဟုတ် တိုင်းရင်းသားလက်နက်ကိုင် ဆန့်ကျင်ပွဲ မဟုတ်လို့ ခွင့်မပြုတာလား၊ ဒါမှမဟုတ် စည်ပင်က အကျင့်ပျက်ခြစားသူတွေကို ဆန္ဒပြမှာကို ရဲတွေက ကာကွယ်နေလား စဥ်းစားလို့မရဘူး။”

ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ခနောင်တိုရပ်ကွက်၊ အောင်မင်္ဂလာလမ်းမကြီးပေါ်ရှိ သောက်သုံးရေကန်ရှိတဲ့ မြေထဲက ပိုနေတဲ့မြေတွေကို အုပ်ချုပ်ရေးက စစ်တပ်နဲ့ပူးပေါင်းကာ ရောင်းစားနေပြီး ဒေသခံတွေက တိုင်ကြားပေမဲ့ အခုထိ အရေးယူမယ့်သူမရှိဘူးလို့ မြို့ခံတယောက်က ပြောပါတယ်။

စစ်ကောင်စီက လယ်မြေသိမ်းခံရတဲ့ လယ်သမားတွေကို ဆန္ဒပြတာ ခွင့်မပြုပေမဲ့ မြို့တော်ခန်းမရှေ့မှာ တပ်ထောက်ခံပွဲတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် ဆန္ဒပြပွဲတွေကိုတော့ စီစဉ်ခွင့်ပြုပေးနေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013