Home
မြန်မာသတင်း
ရေးမြို့တွင် ကျပ် ၁၀,၀၀၀ တန်ငွေအတု ထုတ်လုပ်သုံးစွဲသူ ဖမ်းမိ
DVB
·
September 15, 2025

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ကျပ် ၁၀,၀၀၀ တန် ငွေစက္ကူအတုကို အိမ်မှာထုတ်လုပ်ပြီး စိတ်ကြိုက်သုံးစွဲနေတဲ့ အမျိုးသမီးတယောက်ကို ဖမ်းမိပြီးနောက် ပျံ့နှံ့နေတဲ့ ငွေစက္ကူအတုတွေ အတွက် စိုးရိမ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာမှာ နေထိုင်တဲ့ အမျိုးသမီးတယောက်ကို စက်တင်ဘာ ၁၁ ရက်က စစ်ကောင်စီလက်အောက်ခံ ရဲတွေက ကျပ် ၁၀,၀၀၀ တန် ငွေစက္ကူအတုအရွက်ရေ ၁,၄၀၀ ကျော်နဲ့ ဖမ်းမိခဲ့ပြီး နေအိမ်ကို ထပ်မံစစ်ဆေးရာ စက်တွေနဲ့ထုတ်လုပ်ထားတဲ့ ငွေစက္ကူအတုတွေ ထပ်မံသိမ်းဆည်းရမိခဲ့တာပါ။

ဖြစ်စဥ်ကိုသိတဲ့ ဒေသခံတယောက်က “ကားဝယ်ဖို့ ငွေချေတဲ့အချိန် မိတာ၊ ၁၀,၀၀၀ တန်အတု သိန်း ၁၄၀ ပါတယ်။ ဘယ်ကရလဲဆိုပြီး စစ်ဆေးတော့ သူ့ဘာသာသူ အိမ်မှာထုတ်ပြီး သုံးတာတဲ့၊ စက်တွေရော ထုတ်လက်စငွေစက္ကူအတုတွေပါ ထပ်မိတယ်။ စခန်းက ကွင်းဆက်တွေကို စစ်ဆေးနေတယ်” လို့ ပြောပါတယ်။

အဆိုပါအမျိုးသမီးမှာ ရေးမြို့နယ်အတွင်း ကျပ် ၁၀,၀၀၀ တန် ငွေစက္ကူအတုနဲ့ လိုက်လံဝယ်ယူခဲ့တာတွေ ရှိခဲ့လို့ တပိုင်တနိုင် လုပ်ငန်းလုပ်သူတွေအနေနဲ့ စိုးရိမ်မှုတွေရှိတယ်လို့ မြို့ခံတယောက်က ပြောပါတယ်။

“ငွေအတုကို ကိုယ်ကမမြင်ဘူးတော့ ပိုပြီးစိုးရိမ်တယ်။ ကိုယ့်ဆိုင်မှာ လာဝယ်သွားလို့ ပိုက်ဆံဆုံးရှုံးတာထက် ကိုယ်ကရထားတဲ့ ငွေအတုနဲ့ ပြန်ပြီး စျေးဝယ်မိရင် အဖမ်းခံရမှာ၊ ဒီရက်ထဲ ရောင်းရငွေထဲက ကျပ် ၁၀,၀၀၀ တန်တွေ ပြန်စစ်နေတယ်။”

လတ်တလော ကျပ် ၁၀,၀၀၀ တန်ငွေအတု ထုတ်လုပ်သုံးစွဲသူ မမြူလင်းလင်းကို ရေးမြို့မ ရဲစခန်းက (ပ)အမှတ် ၃၁ /၂၀၂၅ နိုင်ငံတော်ဗဟိုဘဏ်ဥပဒေနဲ့ အမှုဖွင့်လှစ် စစ်ဆေးနေပါတယ်။

စစ်အာဏာသိမ်းပြီး မြန်မာနိုင်ငံတဝန်းမှာ ကျပ် ၁,၀၀၀ တန်၊ ၅,၀၀၀ တန်နဲ့ ၁၀,၀၀၀ တန် ငွေစက္ကူအတု ထုတ်လုပ်သုံးစွဲသူများရှိပြီး စစ်ကောင်စီလက်အောက်ခံရဲတွေက ၂၀၂၄ အထိ ၁၂ မှုသာ ဖမ်းဆီးနိုင်ခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013