Home
နိုင်ငံတကာ
ကိုလံဘီယာတွင် ပစ်ခတ်တိုက်ခိုက်မှုကြောင့် လူ ၁၈ ဦး သေဆုံး၊ ၇၀ ကျော် ဒဏ်ရာရ
DVB
·
August 22, 2025
Photo: COLOMBIAN GOVERNMENT TV

ကိုလံဘီယာနိုင်ငံ အနောက်မြောက်ပိုင်း၊ အန်တီယိုကီယာပြည်နယ်မှာ ရဲတပ်ဖွဲ့က သြဂုတ် ၂၁ ရက်မှာ ကိုကာရွက်ပပျောက်ရေး စစ်ဆင်ရေးကို လုပ်ဆောင်နေချိန် ရဲရဟတ်ယာဉ် တိုက်ခိုက်ခံရလို့  ရဲအရာရှိ ၁၂ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။

အာမာလ်ဖီမြို့အတွင်း တရားမဝင် စိုက်ပျိုးထားတဲ့ မူးယစ်ဆေးပင် စိုက်ခင်းတွေ ဖယ်ရှားရေး အစီအစဉ်တွေကို လုပ်ဆောင်နေတုန်း ရဟတ်ယာဉ်ကို ပစ်ချခံခဲ့ရပြီး ၂ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

သမ္မတ ဂူစတာဗိုပက်ထရိုက ရဟတ်ယာဉ် တိုက်ခိုက်ခံရမှုကြောင့် လူ ၈ ယောက် သေဆုံးခဲ့ကြောင်း ကနဦး သတင်းရရှိခဲ့ပေမဲ့ နောက်ပိုင်းမှာ သေဆုံးသူ အရာရှိ ၁၂ ယောက်အထိ တိုးလာကြောင်း ဒေသအာဏာပိုင်တွေက အတည်ပြုပါတယ်။

အဲဒီနေ့မှာပဲ သီးခြားဖြစ်ရပ်တခုမှာ ကိုလံဘီယာအနောက်ပိုင်း ကာလီမြို့တော်ရှိ စစ်ဘက် လေတပ်စခန်းအနီးမှာ ကားဗုံးပေါက်ကွဲမှုဖြစ်လို့ အနည်းဆုံး လူ ၆ ယောက် သေဆုံးပြီး ၇၁ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံရဲ့ တတိယလူဦးရေအများဆုံးမြို့ဖြစ်တဲ့ ကာလီမှာ ဖောက်ခွဲရေးပစ္စည်းတွေ တင်ဆောင်ထားတဲ့ ကုန်တင်ယာဉ်တစီးက ကိုလံဘီယာ လေတပ်အခြေစိုက်စခန်းအနီးမှာ ပေါက်ကွဲခဲ့ရာ အနည်းဆုံး လူ ၅ ယောက် သေဆုံးခဲ့ကြောင်း သမ္မတ ဂူစတာဗိုပက်ထရိုက ပြောပါတယ်။

တိုက်ခိုက်မှု ၂ ခုစလုံးမှာ စုစုပေါင်း ၁၈ ယောက် သေဆုံးခဲ့ပြီး ၇၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုတွေကို ကိုလံဘီယာတော်လှန်ရေးတပ်များ (FARC) ပြောက်ကျားအဖွဲ့ရဲ့ အတိုက်အခံ အင်အားစုတွေက လုပ်ဆောင်တာလို့ ပက်ထရိုက အပြစ်တင်ခဲ့ပါတယ်။

FARC ပြောက်ကျားအဖွဲ့ရဲ့ အတိုက်အခံအင်အားစုတွေဟာ လူပေါင်း ၄ သိန်းခွဲကျော် သေဆုံးခဲ့ရတဲ့ ပြည်တွင်းပဋိပက္ခကို အဆုံးသတ်မယ့် ၂၀၁၆ ငြိမ်းချမ်းရေးသဘောတူညီချက်ကို ပယ်ချခဲ့တဲ့ အဖွဲ့တွေ ဖြစ်ကြပါတယ်။

ဒီအကြမ်းဖက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ သမ္မတ ပက်ထရိုက မူးယစ်ဆေးဝါးမှောင်ခိုဂိုဏ်းတွေနဲ့ သဘောထားကွဲလွဲတဲ့ အတိုက်အခံအဖွဲ့တွေ အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်း အသီးသီးကို ကမ္ဘာ့ဘယ်နေရာမှာမဆို တရားစွဲနိုင်တဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေအဖြစ် သတ်မှတ်ကြောင်း ကြေညာခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013