
ဧရာတီတိုင်း၊ ပုသိမ်မြို့နယ်မှာ ရဲတပ်ဖွဲ့ဝင်တွေက ရိုက်နှက်စစ်ဆေးမှုကြောင့် နွားခိုးမှုမှာ ပါဝင်သူဆိုပြီး အဖမ်းခံရတဲ့ အရပ်သားတယောက် သေဆုံးသွားတယ်လို့ သေဆုံးသူနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
သေဆုံးသူနဲ့ နီးစပ်သူက “သေဆုံးသူက နွားခိုးမှုမှာ ပါဝင်တယ်ဆိုပြီး အဖမ်းခံရတဲ့သူပါ။ အဖမ်းခံရပြီး နောက်နေ့ ၁၄ ရက်နေ့မှာ ဆုံးသွားတာ။ ရဲတွေက စစ်ဆေးတော့ လက်လွန်ပြီး သေဆုံးသွားတာ။ ကိုဇော်မျိုးက ကျန်းကျန်းမာမာရှိတဲ့သူ။ တော်ရုံနဲ့ အခုလို သေတဲ့အထိ မဖြစ်နိုင်ဘူး” လို့ ပြောပါတယ်။
ရဲတပ်ဖွဲ့ဝင် ၄ ယောက်နဲ့ ရဲတွေနဲ့ ရင်းနှီးသူတယောက် အားလုံး ၅ ယောက်လောက်က ကိုဇော်မျိုးကို နွားခိုးမှုနဲ့ ပတ်သက်တယ်ဆိုပြီး ရိုက်နှက်စစ်ဆေးခဲ့တာလို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့နဲ့ နီးစပ်သူက “အဲ့နေ့က ရဲတွေက အရက်မူးမူးနဲ့ ညဘက် ရိုက်နှက်စစ်မေးကြတာ။ မနက်မိုးလင်းတော့ သံသယနဲ့ ဖမ်းထားတဲ့ ကိုဇော်မျိုး ဆုံးသွားတာ။ သေလောက်တဲ့အထိ ဘယ်လိုရိုက်နှက်စစ်မေးလဲတော့ မပြောတတ်ဘူး” လို့ ပြောပါတယ်။
ရဲတပ်ဖွဲ့က အရပ်သား ကိုဇော်မျိုးကို ရိုက်နှက်စစ်မေးရင်း သေဆုံးတဲ့ကိစ္စနဲ့ပတ်သက်လို့ သတင်းအမှန်ကို ဖုံးထားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၉ ရက်ကလည်း ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ သလပ်ခွာတိုက်နယ်ရဲစခန်းမှာ ဖမ်းဆီးခံထားရတဲ့ ဇာနည်အောင် ဆိုတဲ့ လူငယ်အချုပ်သားတယောက် ရဲတပ်ဖွဲ့ဝင်တွေ ရိုက်နှက်စစ်ဆေးမှုကြောင့် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။