Home
မြန်မာသတင်း
ပုသိမ်တွင် ကျောင်းသားများကိုပါ စစ်မှုထမ်းစာရင်းကောက်၊ သာပေါင်းတွင် အသက်ကျော်နေသူ ၁ ဦးကို အဓမ္မဖမ်းဆီး
DVB
·
July 5, 2025
Photo: Min Tun

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်မှာ လက်ရှိကျောင်းတက်နေသူတွေပါ စစ်မှုထမ်းအတွက် စာရင်းကောက်နေပြီး သာပေါင်းမြို့နယ်မှာတော့ သတ်မှတ်အသက်ကျော်နေသူတယောက်ကို စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးက အတင်းအဓမ္မဖမ်းခေါ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပုသိမ်က ရပ်ကွက်နဲ့ ကျေးရွာတွေမှာ ကျောင်းတက်နေတဲ့ အသက် ၁၈ နှစ်အရွယ်လူငယ်တွေကိုလည်း စစ်မှုထမ်းစာရင်းကောက်နေတာဖြစ်ပါတယ်။

ဒေသခံတယောက်က “သူတို့စာရင်းကောက်တာ ကျောင်းတက်နေတဲ့ကလေးတွေပါ စာရင်းကောက်သွားတယ်။ ကျောင်းတက်နေတာပြလည်းမရဘူး။ အဓိက အောက်ခြေအုပ်ချုပ်ရေးနဲ့ တပ်က လိုက်ကောက်နေတာ” လို့ DVB ကို ပြောပါတယ်။

ပုသိမ်မှာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ရှိသူတွေကို စစ်မှုထမ်းစာရင်းကောက်တာကို ဇွန်လမှာ ပိုလုပ်လာပြီး စစ်တပ်နဲ့အုပ်ချုပ်ရေးအဖွဲ့တွေက ဝင်ရောက်ဖမ်းဆီးတာတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပုသိမ်မြို့၊ အမှတ် ၃ ရပ်ကွက်နေထိုင်သူတယောက်က “ပုသိမ်မှာ တအိမ်တက်ဆင်း စစ်မှုထမ်းစာရင်းကောက်ထားပြီး အခု ဖောင်တွေဖြည့်ခိုင်းပြီးယူသွားတယ်။ စာရင်းကောက်ထားပြီး ပျောက်ရင် အိမ်ရှိသူဖမ်းပြီး အစားထိုးမယ်လို့ပြောတယ်။ မရှိရင် အတင်းပြန်ခေါ်ခိုင်းတယ်” လို့ DVB ကို ပြောပါတယ်။

စစ်မှုထမ်းအတွက်ဆိုပြီး လတိုင်း ငွေကြေးကောက်ခံတာတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သာပေါင်းမြို့နယ် ဥတိုကုန်းကျေးရွာအုပ်စုမှာတော့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးက စစ်မှုထမ်းဖို့ သတ်မှတ်အသက်ကျော်နေတဲ့ အမျိုးသားတယောက်ကို အတင်းအဓမ္မဖမ်းဆီးပြီး စစ်မှုထမ်းထဲ ထည့်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဥတိုကုန်းကျေးရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး မြထွေး၊ ရာအိမ်မှူး ဉာဏ်ဇော်နဲ့ ရဲတွေက ဦးကျော်စိုးရဲ့ သားဖြစ်သူ အသက် ၃၇ နှစ်အရွယ်ကို ပြည့်စုံအောင် ကို ဇွန် ၂၇ ရက်က အဓမ္မဖမ်းဆီးခဲ့တာ လို့ဆိုပါတယ်။

နီးစပ်သူ ဒေသခံအမျိုးသမီးတယောက်က “စစ်မှုထမ်းဖို့ဆိုတာ မထင်ဘူးလေ။ အသက်ကလည်း ကျော်နေတာ ဆိုတော့။ ရဲတွေက အဓမ္မလာဖမ်းခေါ်သွားတာ။ စစ်မှုထမ်းဖို့ လာခေါ်တာဆိုတာကို အုပ်ချုပ်ရေးမှူးဆီ သွားစုံစမ်းတော့မှသိရတာ။ နွမ်းပါးတဲ့မိသားတွေပါ။ အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့က သိသိရက်နဲ့ လုပ်တာ” လို့ ပြောပါတယ်။

ကိုပြည့်စုံအောင်ကို စစ်မှုထမ်း သတ်မှတ်အသက်ကျော်နေကြောင်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ဆီ ပြောဆိုတင်ပြထားပေမယ့် စစ်မှုထမ်းဖို့ငြင်းဆန်ရင် မိသားစုပါ ဖမ်းဆီးခံရမယ်လို့ ခြိမ်းခြောက်ထားတယ်လို့ ဆိုပါတယ်။

မြို့နယ်စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့နဲ့နီးစပ်သူတယောက်က “စစ်မှုထမ်းကိစ္စတွေမှာ ဥပဒေနဲ့မညီ ကျော်လွန်လုပ်ဆောင်တာတွေ ရှိနေတယ်။ အခုလို အခြေအနေတွေအပါအဝင်ပေါ့။ ထိရောက်တဲ့ စစ်ဆေးအရေးယူတာတွေ မရှိသေးဘူး။ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်း လူငယ်တွေက သူ့တို့ဆန္ဒနဲ့လိုက်တာလို့ တင်ပြထားတာ။ ဆင့်ခေါ်ရေးအဖွဲ့ အဆင့်ဆင့်ကလည်း တပ်ချုပ်အထိ အခုလိုပဲ တင်ပြထားတာ” လို့ ပြောပါတယ်။

ကိုပြည့်စုံအောင်ကို စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်း အပတ်စဉ် ၁၅ အတွက် ဖမ်းဆီးခေါ်ထားပြီး ကန်ကြီးထောင့်မြို့နယ် အခြေစိုက် အမတ ၅၀၅ တပ်ဆီကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013