Home
မြန်မာသတင်း
သာပေါင်း ခမရ ၃၀၈ အနီးတွင် စစ်တပ်က ကာကင်းစခန်း ၁ ခု တည်ဆောက်နေ
DVB
·
May 22, 2025
Photo: HH

ဧရာ၀တီတိုင်း၊ သာပေါင်းမြို့နယ်အခြေစိုက် စစ်ကောင်စီ ခမရ ၃၀၈ တပ်ရင်းအနီးမှာ ကာကင်းစခန်းတခု ထပ်မံတည်ဆောက် ပြင်ဆင်နေတယ်လို့ သာပေါင်း ခမရ ၃၀၈ တပ်ရင်းနဲ့ နီးစပ်သူဆီက သိရပါတယ်။

သာပေါင်းမြို့နယ်ကို အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်တွေ အချိန်မရွေး ဝင်ရောက် တိုက်ခိုက်လာနိုင်တာကြောင့်ဆိုကာ စစ်တိုင်းမှူးရဲ့ ညွှန်ကြားချက်နဲ့ ခမရ ၃၀၈ တပ်ရင်းအနီးမှာ ကာကင်းစခန်းတခုကို မေ ၁၉ ရက်က စတင်တည်ဆောက် ပြင်ဆင်နေတာလို့ ဆိုပါတယ်။

သာပေါင်း ခမရ ၃၀၈ တပ်ရင်းနဲ့ နီးစပ်သူက “ကာကင်းစခန်းဆောက်တာ ဟုတ်တယ်။ တော်လှန်ရေးတပ်တွေက လေးမျက်နှာ-သာပေါင်း လမ်းဘက်ကနေ ဝင်လာတယ်ဆိုတဲ့ သတင်းကြောင့် အားချင်းလုပ်နေရတာ။ တပ်အင်အားလည်း ထပ်ဖြည့်ထားတယ်” လို့ ပြောပါတယ်။

လက်ရှိ သာပေါင်း ခမရ ၃၀၈ တပ်နဲ့ အနီးဝန်းကျင် ဒေသတွေမှာ ခမရ ၃၀၈ တပ်ရင်းက စစ်အင်အားတွေအပြင် မြောင်းမြမြို့နယ်အခြေစိုက် ခလရ ၉၃ တပ်ရင်း စစ်အင်အားတွေနဲ့ ရန်ကုန်ဘက်ကလာတဲ့ စစ်မှုထမ်းဆင်း တပ်သားသစ်တွေ လာရောက်ပူးပေါင်းထားတယ်လို့ သိရပါတယ်။

သာပေါင်းတပ်ရင်းအနီး နေထိုင်တဲ့ ဒေသခံအရပ်သားတယောက်က “တိုက်ပွဲ ရှိ၊ မရှိတော့ မသိဘူး။ လက်ရှိ သဲဖြူကျေးရွာအနီးမှာ လက်နက်ကြီးရော၊ လက်နက်ငယ် ပစ်ခတ်သံတွေပါ ကြားနေရတယ်။ တိုက်ပွဲဖြစ်နေလား ဘာလဲတော့ မသိသေးဘူး” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ပထမအပတ်ကလည်း စစ်ကောင်စီတပ်နဲ့ AA ပူးပေါင်းတပ်တွေ သာပေါင်းမြို့နယ်ထဲက ကင်မွန်းချဉ်တောင်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က တပ်ဆုတ်ခဲ့ရတဲ့အထိ ဖြစ်ခဲ့သေးတယ်လို့ သိရပါတယ်။

ဒါ့အပြင် မတ် ၃ ရက်က ကမွန်းချဉ်တောင်တိုက်ပွဲမှာ တပ်ဆုတ်ခံရလို့ တပ်ကို စီမံကွပ်ကဲ ကြီးကြပ်ဖို့လာတဲ့ စစ်ကောင်စီတပ်ရဲ့ ဗျူဟာမှူးတယောက်နဲ့ နောက်ထပ်အရာရှိတယောက်ဟာ အာရက္ခတပ်တော် (AA) နဲ့ မဟာမိတ်တပ်ဖွဲ့တွေရဲ့ စနိုက်ပါ ထိမှန်တာကြောင့် သေဆုံးခဲ့ရတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက်ကလည်း သာပေါင်းမြို့နယ်၊ သစ်ဖြူရွာ ရဲစခန်းကို ရိက္ခာပို့သွားတဲ့ သာပေါင်းမြို့မရဲစခန်းက စခန်းမှူး ဝင်းနိုင်ဦး လိုက်ပါလာတဲ့ယာဉ်ကို AA နဲ့ ပူးပေါင်းတပ်တွေက သစ်ဖြူရွာနဲ့ ကျားခေါင်းရွာအနီးမှာ စနိုက်ပါနဲ့ ပစ်ခတ်ခဲ့လို့ စခန်းမှူး ဝင်းနိုင်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013